Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, June 12, 2008

သာသနာနှင့်နိုင်ငံရေး

ခုဆိုရင် စာရေးသူဟာ ကိုယ်ယုံကြည်ရာမျှော်လင့်ချက်တစ်ခုနဲ့ စာတွေရေးနေခဲ့တာ လေးငါးပုဒ်ရှိပြီ ဖြစ်တယ်။ ဒီဆောင်းပါးကတော့ နားလည်မှုရှိထားသူတွေအတွက် မရည်ရွယ်ပါဘူး။ န.အ.ဖခိုင်းစေသမျှ အ ဟုတ်မှတ်နေသူအချို့၊ န.အ.ဖ ဘာလုပ်လုပ် “ကောင်းတယ်၊ ကောင်းတယ်”လုပ်နေသူအချို့၊ န.အ.ဖ ထိရင် တီကောင်ကို ဆားတို့ခံရသလို ဖျပ်ဖျပ်လူးဖြစ်နေသူအချို့၊ န.အ.ဖ တိုက်ထားသော မှူးမှုန်မှိုင်းဝေနေတဲ့ လမ်းမ ထက်မှာ အမှန်တရားကို မြင်နိုင်စွမ်း ချို့တဲ့နေသူအချို့……အချို့…။ ထိုအချို့များအတွက် ဒီခေါင်းစဉ်တပ်ပြီး ဒီစာကို ရေးပါတယ်။

သာသနာ့ဝန်ထမ်း၊ ရဟန်းတစ်ပါးဖြစ်တဲ့ စာရေးသူမှာလဲ တာဝန်ရှိတယ်လို့ ခံစားရတယ်။ “ဘာကြောင့် ဘုန်းကြီးတွေ နိုင်ငံရေးထဲ ၀င်ပါရသလဲ”။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်, မသင့်ကိုတော့ မဆွေးနွေးတော့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တော့မှ အဖြေတူမထွက်နိုင်တဲ့မေးခွန်း ဖြစ်လို့ပဲ။ ဒါပေမယ့် စာရေးသူ ပြောချင်တာကတော့ ဘုရားရှင်သော်မှ လိုအပ်ရင် နိုင်ငံရေးကိစ္စတွေထဲကို ၀င်လာလေ့ရှိခဲ့တယ် ဆိုတာပါပဲ။ စာရေးသူ ကိုယ်လိုရာဆွဲပြောတာ မဟုတ်ပါဘူး။ လေ့လာကြည့်ကြစေလိုပါတယ်။ ဒီနေရာမှာတော့ အကျယ် မဆွေးနွေးတော့ပါဘူး။ စာရေးသူ တင်ထားတဲ့ ခေါင်းစီးကို ပြန်သွားပါမယ်။ ဒီဆောင်းပါးဆုံးတာနဲ့ ဘုန်းကြီးတွေ နိုင်ငံရေးထဲ ဘာကြောင့်ဝင်ပါရသလဲဆိုတာ ရှင်းသွားပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ထေရ၀ါဒရဟန်းတော်ပေါင်း ၅-သိန်းခန့်ကို ကျွေးမွေးလှူဒါန်းနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို သံဃာတော်တစ်ပါးကို နို့ဆီဗူးနှစ်ဗူး နှုန်းဆိုရင် သံဃာတော်ငါးသိန်းခန့်အတွက် တစ်နေ့တာ ဆွမ်းစရိတ်ဟာ ဆန်တင်းပေါင်း ၁-သောင်းခွဲကျော်မယ် ထင်ပါတယ်။ (မှားသွားရင်လဲ ခွင့်လွှတ်ပါ။ ခန့်မှန်းခြေဖြစ်ပါတယ်။) စာရေးသူဆိုလိုချင်တာက မြန်မာပြည် သူတွေဟာ ဘယ်လောက်ပင် ဆင်းရဲကျပ်တည်းမှုများနှင့် ကြုံတွေ့နေရစေကာမူ သာသနာတော်ကို အလုပ် အကျွေးပြုခဲ့ကြတယ်။ အလုပ်အကျွေးပြုနေကြဆဲပဲ။ ဒီလောက်များပြားတဲ့ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေ အတွက် ကျွေးမွေးထားနိုင်ဖို့ဆိုတာ ဧရာမတာဝန်ကြီးတစ်ခုပါ။ ဒါကို ပြည်သူတွေဟာ မငြီးမငြူ ထမ်းဆောင် ထားနိုင်တယ်။

ဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

ပြည်သူတွေ ဘာလိုချင်နေတာလဲ။ ပြည်သူတွေအတွက် ရဟန်းတော်တွေက ဘာဖြစ်စေချင်နေတာလဲ။ အဲဒီလို မေးလာခဲ့ရင် အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေလိမ့်မယ်။ “တရားမျှတတဲ့ လူ့ဘောင်လောက တစ်ခု”။ ဒါပါပဲ။ မှန်ကန်သင့်တော်တဲ့စနစ်၊ မြန်မာနိုင်ငံအတွက်ရော နိုင်ငံသူနိုင်ငံသားတိုင်းအတွက်ပါ လွတ်လပ် ပြီး တရားမျှတတဲ့ စနစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု။ ကမ္ဘာ့တစ်ခွင်လုံးက လူရိုသေရှင်ရိုသေ အစိုးရအဖွဲ့အစည်း တစ်ခု။ ဒါကို စာရေးသူတို့ တစ်နိုင်ငံလုံးက အလိုရှိနေပါတယ်။

(မှတ်ချက်= တစ်နိုင်ငံလုံးဟု ဆိုရာတွင် န.အ.ဖ ခေါင်းဆောင်များနှင့် စိတ်သဘောထားထပ်တူကျ သောသူများ မပါဝင်ပါ။ “စိတ်သဘောထားထပ်တူကျသောသူများ”လို့ သုံးတာဟာ အကြောင်းရှိပါတယ်။ တစ်ချို့က အကြောင်းကြောင်းကြောင့် စစ်သားဖြစ်လာခဲ့ရပေမယ့် န.အ.ဖလုပ်ရပ်တွေကို ရွံမုန်းနေတဲ့စစ်သား တွေ ရှိပါတယ်။ စစ်သားထိရင် မှားမှားမှန်မှန် ရန်တွေ့တတ်သူများ နားလည်ပါလေ)။

ခုတော့ တစ်ချိန်က အရှေ့တောင်အာရှမှာ သာမက ကမ္ဘာမှာပါ တိုးတက်ဖို့ အလားအလာအကောင်း ဆုံးနဲ့ သယံဇာတတွေပေါများလှတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ ဆင်းရဲနုံချာတဲ့နိုင်ငံတွေထဲ ပါဝင်နေရပြီ။ နည်းမျိုးစုံနဲ့ ရက်စက်မှုများနဲ့ဘက်ပေါင်းစုံမှာ ရှက်စရာဖြစ်နေခဲ့ရပြီ။ နေရင်းထိုင်ရင်း ဗုဒ္ဓဘာသာပါ သိက္ခာကျနေခဲ့ရပြီ။ တရားမျှတတဲ့ လူ့ဘောင်လောကတစ်ခု တည်ဆောက်ဖို့ စာရေးသူတို့ သာသနာတော်သုံး ဝေါဟာရနဲ့ သုံးရရင် သူတော်ကောင်းတရား ထွန်းကားတဲ့ လူဘောင်လောကတစ်ခု တည်ထောင်ဖို့ ပါဝင်ဆောင် ရွက်ခြင်းဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ဖြစ်ပါသလား။

ခုချိန်ထိ “န.အ.ဖ”ဟာ တရားမျှတမှုဆိုတဲ့စကားလုံးကို တွင်တွင်ကြီး သုံးနေဆဲပဲ။ အဲဒီစကားလုံးက မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းနေတာကြာပြီ။ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတာကြာပြီ။ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်ဆိုတာ ကဗျာလောကမှာပဲ ကြားရတာ။ မြန်မာနိုင်ငံမှာက ခေတ်စကားနဲ့ပြောရရင် linear ဆိုတဲ့ ဒေါင်လိုက်စနစ်ပဲ ရှိတယ်။ အထက်လူကြီးက “ဒါ”ဆိုရင် “ဒါ”ပဲ။ အမိန့်စနစ်ပဲ။ စစ်တပ်စနစ်ပဲ။ ဒေါင်လိုက် စနစ် မှာ အထက်က လူတွေက အဓိကပဲ။ အထက်ကလူက ဘယ်လောက်ပဲဆိုးဆိုး အောက်ကလူတွေဟာ ငုံ့ခံရုံက လွဲပြီး ဘာမှလုပ်လို့ မရဘူး။ ခက်တာက တစ်တိုင်းပြည်လုံးကို ဒေါင်လိုက်စနစ်ထဲရောက်အောင် လက်နက်နဲ့ ခြိမ်းခြောက်ပြီး သွတ်သွင်းထားတာ။ ဒေါင်လိုက်စနစ်ဟာ ခေတ်မမီတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့လောကအတွက် အန္တရာယ်များပါတယ်။ ဘာကြောင့်အန္တရာယ်များတာလဲ။

ဒေါင်လိုက်စနစ်မှာ အထက်လူကြီးက ကောင်းနေရင် သိပ်ကိစ္စမရှိဘူး။ ဆိုးဝါးနေပြီဆိုရင် အောက်ကလူတွေ စိတ်မချမ်းသာပါဘူး။ ကျန်တဲ့အထက် ဗိုလ်တွေဆို ပြောမနေနဲ့။ ရွာမှာ ရွာသူကြီးကိုတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရတာ။ ဘာလို့ ကြောက်တာလဲ။ “ရွာသူကြီးဆိုတာ ရဲနဲ့ပိုင်တယ်ကွ”။ “ဟိုစခန်းမှူးကြီးဆို လာဘ်စားပြီး ဟို လူသတ်ကောင်ကို ဘာအပြစ်မှ မပေးဘူး။ ဒါတောင် အထက်က သူ့ကို ဘာကြောင့်များ ဆက်ခန့်ထားသလဲ မသိဘူး“။ “သူက တိုင်းမှူးနဲ့ပိုင်တယ်ကွ”။ ဒါတွေက ဘာတွေလဲ။ ဒါတွေက န.အ.ဖရဲ့ မူရင်းကျင့်ဝတ်တွေလား။ နိုင်ငံအုပ်ချုပ်ပုံစနစ်လား။ ဒါတွေက န.အ.ဖရဲ့ တရားမျှတမှုစံနှုန်းတွေလား။ ဒါ ဥပမာအနေနဲ့ပြောတာပဲ ရှိသေးတယ်။ တရားဥပဒေအပေါ်မှာ မိန့်မိန့်ကြီး တက်ထိုင်နေတဲ့သူတွေက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ အများကြီး။ ဒါမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ခြစားနေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြီးကို စာရေးသူတို့ သာသနာ့ဝန်ထမ်းတွေအနေနဲ့ “ကောင်းတယ် ဒကာကြီး”လို့ ဘယ်တော့မှ မပြောနိုင်ပါဘူး။ သာသနာကို တကယ်ချစ်သူတိုင်း၊ မြန်မာကို တကယ်ချစ်သူတိုင်း မပြောပါဘူး။

“အရှင်ဘုရားတို့က လမ်းတွေဖောက်၊ တံတားတွေထိုး၊ ဘုရားတွေတည်နေတာကျတော့ ထည့်မစဉ်း စားတော့ဘူးလား”။ တစ်ချို့က အဲလို မေးချင်ကြတယ်။ စာရေးသူကတော့ အဲဒိလို မေးလာသူတိုင်းကို “သြော် …တော်တော် နုံသေး အသေးတဲ့ ကလေးပါလား”လို့ပဲ ယူဆထားလိုက်တယ်။ ထင်သာမြင်သာဖြစ်စေမယ့် ဥပမာတစ်ခုထုတ်ပြလိုပါတယ်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ သူ့ကျောင်းတိုက်ထဲမှာ ကျောင်းဆောင်တွေ ပြုပြင်တာ၊ ဆောက်လုပ်တာ၊ ရေတွင်းရေကန်တူးတာ၊ ဘုရားတည်တာ၊ ကိုရင်လေးတွေကို ကျွေးမွေးတာ…။ ဒါတွေဟာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရဲ့ မဖြစ်မနေလုပ်ရမယ့်အရာတွေပဲ။

ဒါတွေကို လုပ်နေတာဟာ မထူးဆန်းပါဘူး။ ဒါတွေဟာ သတင်းမဟုတ်ပါဘူး။ ဒါတွေကို သတင်းအနေ နဲ့တင်ပြရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် “အဲဒီဘုန်းကြီးက မိန်းကလေးတစ်ယောက်ရဲ့ လက်ကို သွားဆွဲသတဲ့”ဆိုရင်တော့ ဒါဟာ သတင်းဖြစ်သွားပါပြီ။ မီဒီယာလောကမှာ စကားတစ်ခွန်းရှိ တယ်မဟုတ်လား “ခွေးက လူကို ကိုက်ရင် သတင်းမဟုတ်ဘူး၊ လူက ခွေးကို ကိုက်မှ သတင်း” ဆိုတာမျိုးဖြစ်ပါတယ်။ ဒီလောက်ဆို သဘောပေါက်လောက်မယ်ထင်ပါတယ်။

ပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ဖြစ်ဖြစ်၊ တိုင်းပြည်တစ်ခုလုံးအတိုင်းအတာဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒီထဲကမှ လုံးဝကျူးလွန်လို့မရတဲ့၊ ချိုးဖောက်လို့မရတဲ့ စည်းကမ်းတွေရှိ ပါတယ်။ ရဟန်းအဖွဲ့အစည်းမှာဆိုရင် ပါရာဇိကလေးပါးစည်းကမ်းဥပဒေဟာ ချိုးဖောက်တာနဲ့ လူဝတ်ကြောင် ဖြစ်သွားပါတယ်။ န.အ.ဖ ဟာ မကျူးလွန်သင့်၊ မကျူးလွန်ထိုက်တဲ့ အမှားတွေကို ဆက်တိုက်လုပ်ပါတယ်။ ကမ္ဘာသိလူသတ်ပွဲများဖြစ်တဲ့ ၈၈-လူသတ်ပွဲ၊ ဒီပဲယင်းလူသတ်ပွဲ၊ ရွှေဝါရောင်ဘုန်းကြီးသတ်ပွဲ….။ ဒီအမှားတွေဟာ ဘယ်တော့မှ ခွင့်လွှတ်လို့မရတဲ့ အမှားတွေဖြစ်ပါတယ်။

န.အ.ဖ လုပ်သမျှ အကောင်းထင်နေသူအချို့ကို ထင်သာအောင်တစ်ခု ပြောပြမယ်။ “ခု စစ်ဗိုလ် တွေဟာ တရားမျှတစွာ၊ မှန်ကန်ဖြောင့်မတ်စွာ အလုပ်လုပ်ကြပါရဲ့လား”ဆိုတာ ပေါ်လွင်လာလိမ့်မယ်။ “နေ၀င်း သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ ၀မ်းမနည်း”။ “စောမောင်သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ မတုန်လှုပ်”။ “စိုးဝင်းသေတာ တစ်နိုင်ငံလုံး ၀မ်းနည်းသံတစ်ချက်မှ မထွက်”။ တပ်မတော်အတွင်းမှာကော သူတို့သေတုန်းက ဘယ်လောက်ထိ ၀မ်းနည်းပူဆွေးခဲ့ကြပါသလဲ။ စာရေးသူကတော့ တပ်ထဲအသွားအလာရှိတော့ သိပါတယ်။ ရုပ်ရှင်မင်းသား ဒွေးဆုံးတုန်းက ပြည်သူတွေအတော်များများ ပူဆွေးသောက ဖြစ်ကြရတယ်။ ကောင်းတာတွေ လုပ်ပြီး ပြည်သူက ချစ်တဲ့သူတွေပါဆိုရင်…………..။ သိပ်ရှင်းပြစရာ မလိုတော့ဘူးထင်ပါတယ်။ ခေါင်းလေးနဲ့ စဉ်းစားရင် အဖြေထွက်ပါပြီ။ သူငယ်တန်းမေးခွန်းလောက်တောင် ခေါင်းစားစရာမလိုပါဘူး။

(မှတ်ချက်။ ။စိုးဝင်းသေတုန်းက အဖြစ်အပျက်လေးနဲ့ ခွေးမလေးတစ်ကောင်သေတဲ့ အဖြစ် အပျက်နှစ်ခုကို ယှဉ်ပြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ မဖတ်ရသေးသူများ “လွင်ပြင်ရိုင်းရဲ့ ရိုး သားမှုနှင့်သမိုင်းတွင်ခြင်း”ဆိုတဲ့ဆောင်းပါးကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။)

နောက်….ဟိုတုန်းက ခင်ညွန့်ထိ ဓားကြည့်ဆိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ၀င်းမြင့်ကို ဘုရား လို ကြည်ညိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ….စသည်…..စသည်….။ ခုအချိန်မှာ သူတို့ဆောက်ခဲ့တဲ့ တံတားတွေက ကျောက်စာတောင် အငြိမ်မနေရဘူး။ ပြုပြင်ခံလိုခံရ။ ကျောက်တော်ကြီးဘုရားမှာ ခင်ညွန့်ပုံ ကလဲ နေရင်းထိုင်ရင်း အဖျက်ခံရ။ ဒါတွေက ဘာကို ပြနေသလဲဆိုတော့ တပ်မတော်အတွင်းမှာကိုပဲ အချင်း ချင်း လေးစားမှုမရှိဘူးဆိုတာ ပြနေတာပဲ။ နောက်ပြီး တစ်ခုကောက်ချက်ချလို့ရတာက န.အ.ဖဟာ မလိုရင် မလိုသလို သမိုင်းကို ဖျက်တတ်တယ်ဆိုတာပါပဲ။

ကျောင်းတိုက်တစ်ခုမှာ ခေါင်းရင်းက ဘုရားပုံတော်ကို ဖြုတ်ပြီး မတော်တရော်ပုံတင်ထားပြီး ကိုးကွယ် ရင် အဆိုပါဘုန်းကြီးကို ဗုဒ္ဓဘာသာလို့ မခေါ်နိုင်တော့ဘူး။ တိုင်းပြည်တစ်ခုမှာ နိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကို မြောင်းထဲပစ်ချပြီး သူ့နေရာမှ “တော်၏ မတော်၏”မစဉ်းစားဘဲ ခပ်တည်တည်ဝင်ထိုင်နေသူဟာ နိုင်ငံခေါင်း ဆောင်မဟုတ်ဘူး။

အမိန့်နဲ့ လက်နက်နဲ့ ခြိမ်းခြောက်ထားလို့သာရယ်၊ တစ်ရက်တစ်လေများး လွတ်လပ်ခွင့်ရလို့ ကတော့ ကွာ” စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဘယ်သူမှ ကုသိုလ်မဖြစ်ပါဘူး။ စာရေးသူတို့ ရဟန်းတော်တွေဟာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိကြတဲ့ အဖွဲ့အစည်းအားလုံး၊ လူမျိုးအားလုံး၊ ဒေသအားလုံး၊ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအားလုံး” ကိုယ်စားပြုတဲ့ (ကိုယ်စားပြုနိုင်ခွင့် အတိုင်းအတာရှိတဲ့) အုပ်ချုပ်ရေးစနစ်တစ်ခုကို လိုလားပါတယ်။ အားလုံးဟာ တစ်သားထဲ တစ်ပြားထဲမှာရှိတဲ့ non-linear အလျားလိုက်စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒီစနစ်ဟာ အကောင်းဆုံးစနစ်လို့ ရဟန်းတော်များ ယူဆထားတယ်။ ဒီမျှတတဲ့ စနစ်တစ်ခုကို တည်ထောင်ဖို့ စိတ်နှစ်ကြတာပါ။

နောက်ပြီး န.အ.ဖ၊ န.အ.ဖနဲ့စိတ်သဘောထားတူသူများကို စာရေးသူက ဦးဇင်းတစ်ပါးအနေနဲ့ စေတနာထားပြီး ပြောပါရစေ။ စာရေးသူတို့အပါအ၀င် တိုင်းသူပြည်သားတွေဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံ့အာဇာနည်သူရဲကောင်းတွေကို လေးစား တယ်။ သူတို့ကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေလို့ ကျေးဇူးသိတဲ့ပုဂ္ဂိုလ်တိုင်းက ယူဆထားကြတယ်။ န.အ.ဖ လက်အောက်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတဲ့စာအုပ်တွေကို တရားဝင်ထုတ်ဝေခွင့် ဖတ်ရှုခွင့် ရရဲ့လား။ ဒီနိုင်ငံ့ကျေးဇူးရှင်တွေရဲ့ ပုံတွေကို လွတ်လွတ်လပ်လပ် ကိုင်ဆောင်ခွင့် ပြုသလား။ န.အ.ဖလက် အောက်မှာ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် တိုင်းသူပြည်သားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုတောင် ကိုယ့်အိမ်မှာ ချိတ်မထားရဲကြတော့ဘူး။ ဒါတွေကို သေသေချာချာ စဉ်းစားကြစေလိုပါတယ်။

ဆိုတော့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ရဟန်းတော်တွေဟာ အမိနိုင်ငံကို မတရားသဖြင့် အုပ်ချုပ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အလိုမရှိကြောင်း ပြသနေရမှာပဲ။ ဒီလို ပြသတာဟာ စာရေးသူတို့ ရဟန်းတော်တွေ အနေနဲ့ အမိတိုင်းပြည်ကို ပြည်လည်ကျေးဇူးဆပ်ခြင်းလို့ သဘောရပါတယ်။ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကို အလိုမရှိကြောင်း၊ သဘောမကျကြောင်း ပြသတာဟာ သူတော်ကောင်းတည်စေဖို့ဖြစ်သ လို သာသနာအဓွန့်ရှည်ဖို့ လုပ်ဆောင်ရာလဲ ကျပါတယ်။

စာရေးသူ နိဂုံးမသတ်သေးပါဘူး။ နောက် အလျဉ်းသင့်ရင် ဆက်ရေးပါအုံးမယ်။

စာရေးသူတို့ သာသနာရဲ့ဦးထိပ်မှာ မြတ်စွာဘုရားဟာ ရှိမြဲရှိနေမှာ ဖြစ်သလို ပြည်ထောင်စုမြန်မာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဦးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ ဘယ်သောအခါမှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒါကိုလဲ ဘယ်မိစာကောင်များကမှ တားဆီးလို့ ရမှာမဟုတ်ပါဘူး။

ပြည်ချစ်ဘုန်းဘုန်း

MSMA

30, 5, 2008

အနာဂတ၀ံသ သို့မဟုတ်

အရာအားလုံးက လှလို့နေတယ်။ လမ်းမများပေါ်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်တုန်းကတော့ မမီလိုက်လို့ မသိဘူး။ စာရေးသူတစ်သက်မှာတော့ ပြည်သူတွေ ဒီ လောက်ပျော်ရွှင်နေကြတာ၊ လွတ်လပ်စွာ သွားလာပြောဆိုနေကြတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ မြန်မာ့အလင်းနဲ့ ကြေးမှုံသတင်းစာကြီးနှစ်စောင်ကလဲ အရင်ကနဲ့မတူ၊ တစ်မူထူးဆန်းလို့။ လွတ်လပ်ရေးအောင်ပွဲကို တစ်ခမ်း တစ်နားဖော်ပြလို့။ ခေါင်းကြီးပိုင်းမှာကြည့်ပါအုံး။ မျက်နှာဖုံးမှာကြည့်ပါအုံး။ ပြောရရင် ဘယ်နေရာမှာမှ ဟိုတုန်း က အမြဲတမ်းပါနေခဲ့တဲ့ အော့ကြောလန်ပုံတွေ မတွေ့ရတော့ဘူး။ ပြည်သူတွေဟာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ တင်ပြခွင့်ကို ရလို့ အကျေနပ်ကြီး ကျေနပ်နေကြတယ်။

သတင်းစာတွေကရော၊ ဂျာနယ်တွေကရော၊ မဂ္ဂဇင်းတွေကရော ပြည်သူတွေရဲ့ ရဲရဲတောက်တိုက်ပွဲ တွေကို ဖော်ကျူးထားတာတွေ့ရတယ်။ ဟိုတုန်းက မဖော်ပြခဲ့ရတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အသုံးချ တဲ့အနေနဲ့ စာအုပ်တိုင်းမှာ၊ စာစောင်တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ပုံတွေကို ဝေေ၀ဆာဆာ တင်ပြထားကြတယ်။ “ပြည်သူ့အား”ဆိုတဲ့ ဂျာနယ်မှာဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးတင်ထားတယ်။ တစ်ချို့စာစောင်တွေမှာတော့ စစ်အစိုးရရဲ့ ကလိမ်ကကျစ်ကျခဲ့ပုံတွေ၊ ညစ်နည်းမျိုးစုံနဲ့ ညစ်ခဲ့တာတွေကို အခန်းဆက် ဖော်ပြနေကြတယ်။

ဂျာနယ်တိုင်းလိုလိုမှာ တွေ့ရတာက “အာဏာရှင် သန်းရွှေ၊ မောင်အေးနဲ့ ရာဝဇတ်ကောင်များအား အမြန်ဆုံးတရားစီရင်ဖို့” တိုက်တွန်းတောင်းဆိုနေကြတာတွေ့ရတယ်။ မနေ့ကတောင် မြို့တော်ခန်းမရှေ့မှာ လူတွေတိုးကြိတ်နေတာတွေ့လို့ သွားကြည့်မိသေးတယ်။ ဆိုင်းဘုတ်တွေ၊ ဗန်ဒါတွေ ကိုယ်စီကိုင်လို့။ ဆိုင်း ဘုတ်တွေ၊ ဗန်ဒါတွေပေါ်မှာလဲ “သန်းရွှေ အာဏာရူး ကြိုးပေး”၊ “မောင်အေး သေဒဏ်”၊ “၈၈ သတိရလား”၊ “ဒီပဲယင်းကို ရောက်ဖူးလား”။ စတဲ့ စာသားတွေနဲ့ပေါ့ဗျာ။ ပြည်သူတွေရဲ့ အမြင်မှာတော့ အရမ်းကို ထူးဆန်း နေတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းမပေါ်ထွက် ဆန္ဒပြရင် သေနတ်နဲ့ပစ်၊ နံပါတ်တုတ်နဲ့ရိုက်လိမ့်မယ်လို့ ထင်နေကြတာလေ။ ခုတော့ ဆန္ဒပြတဲ့သူတွေကလဲ အေးအေးဆေးဆေး၊ လုံခြုံရေးတွေကလဲ ဘေးကနေ အေးဆေးစွာ လိုက်ပါနေကြတယ်။ အမြင်က တော်တော့်ကို ဆန်းနေတယ်။

“၀မ်းသာလိုက်တာဗျာ၊ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး၊ ကျွန်တော်မျှော်လင့်ခဲ့တဲ့နေ့ရက်က ခုဆို တကယ့်ကို အကောင်အထည်ပေါ်လာခဲ့တယ်နော်၊ ကျွန်တော်ဖြင့် ယုံကို မယုံနိုင်လောက်အောင်ဖြစ်နေတယ်”။ သူငယ်ချင်းတစ်ယောက်က မျက်ရည်လဲ့လဲ့နဲ့ ပြောတယ်။ တစ်ယောက်ကဆို ရှိုက်ကြီးတငင် ငိုရင်းနဲ့ ပြောတယ်။ “သေချာနားထောင်စမ်းပါဗျာ၊ ဟို လဘက်ရည်ဆိုင်မှာ ဖွင့်နေတာကို၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မဟုတ်လား၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကျေးဇူးရှင်ရဲ့အသံကို အရင်က ခိုးကြောင်ခိုးဝှက် နားထောင်ခဲ့ရတာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကျေးဇူးရှင်များအကြောင်းရေးထားတဲ့ စာအုပ်တွေကို ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတယ်၊ ခုတော့…ဗျာ လဘက်ရည်ဆိုင်မှာကို ဖွင့်သံကြားရလို့ ကျွန်တော်ဘယ်လို ခံစားရမှန်းကို မသိတော့ဘူး”။

လူတွေက တော်တော်စုံနေပြီ။ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ အပြုံးပန်းတွေ ဆင်ထားတဲ့ လူအုပ်ကြီး။ ရင်ပြင်တစ်ခုလုံး ပြည့်နှက်လို့ပေါ့။ လမ်းတစ်လျှောက်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များကို ဂုဏ်ပြုတဲ့ သီချင်းများကို သီဆိုလို့။ အဲ..ကျွန်တော်တို့အားလုံး နှစ်သက်ခဲ့တဲ့ မွန်းအောင်ရဲ့သီချင်းတွေကလဲ တိုင်းပြည်အနှံ့ ပြည်လည် ဆန်းသစ်လို့။ “ဟေ့ကောင် ဆင်းလေကွာ၊ ရောက်ပြီဟ”။ သူငယ်ချင်းက သတိပေးမှ ပြည်သူ့ရင် ပြင်ရှေ့ကို ရောက်နေပြီဆိုတာကို သိရတယ်။ မိန့်ခွန်းက စနေပြီ။ အခမ်းအနားဖွင့်တာတောင် မမီလိုက်ဘူး။

“ကျွန်မတို့ ဒီနေ့ဟာ ပြည်သူ့အောင်ပွဲ (၃) လပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့လို နေ့မျိုးကို နှစ်ပေါင်းများစွာ စောင့်ခဲ့ကြရတယ်။ ဒီလို နေ့မျိုးကိုရောက်ဖို့ အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။ မိသားစုပေါင်းများစွာ ဝေးလွင့်ကွဲထွက်ခဲ့ရတယ်။ ဒီလို လွတ်လပ်တဲ့ နေ့မြတ်ကိုရောက်ဖို့ အသက်ပေါင်း များစွာဟာ လမ်းမထက်မှာ ပျောက်ဆုံးခဲ့ရတယ်။ ချစ်စွာသော မိသားစုများစွာရဲ့အတွင်းမှာ သံတိုင် တွေ၊ အုတ်တံတိုင်းနံရံတွေ အများကြီး ခြားနားခဲ့ရတယ်။ သံတိုင်တွေကြားထဲမှာ လူမဆန်စွာ ပြုကျင့် ခံရလို့ မျက်စိကွယ်သူကွယ်၊ ခြေလက်ကျိုးသူကျိုးနဲ့ ဒုက္ခိတဖြစ်သူတွေ အများကြီး ဖြစ်ခဲ့ရတယ်။

ကျွန်မ ပြောချင်တာက ဒီလွတ်လပ်ရေးဟာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ “ဒီမိုကရေစီ ဘယ်နေ့ ရမလဲလို့ ကျွန်မကို မေးကြတယ်၊ ဒီမိုကရေစီရချင်ရင် လူတိုင်း ၀င်လုပ်ရမယ်”လို့ အရင်က ကျွန်မ ပြော ခဲ့ဖူးသလိုပဲ အခု အားလုံးဝင်ပြီး အလုပ်လုပ်ကြလို့ ဒီမိုကရေစီရလာခဲ့ပါပြီ။ ဒါကြောင့် ဒီလို ခက်ခက် ခဲခဲနဲ့ ရယူခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည် မဆုံးရှုံးအောင် ကျွန်မတို့ ကြိုးစားကြရမယ်။ ဒီလို ကြိုးစား တဲ့ နေရာမှာ ပြည်သူတွေက အဓိကပါပဲလို့ ကျွန်မ ဒီနေရာကနေ အသိပေးချင်ပါတယ်။

ဒီနေရာကနေ ပြည်သူလူထုကြီးကို ကျွန်မအနေနဲ့ အထူးပြောပြချင်တာက အခု ကျွန်မတို့ဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျနေတဲ့ ကျွန်မတို့နိုင်ငံကြီးကို ပြည်လည်ထူထောင်ရမယ်။ လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်ရမယ်။ အကျင့်ပျက်ခြစားနေတဲ့ ၀န်ထမ်းတွေကိုလဲ ကျွန်မတို့ ပြုပြင်ရမယ်။ အများကြီးပါပဲ။ ဒါကို ကျွန်မတို့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတာကို ဒီနေရာက နေ ကတိပေးပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ကျွန်မပြောချင်တာက ကျွန်မတို့ကတော့ အကောင်းဆုံးဆိုပြီးတော့ လုပ်တာပဲ။ ဒါပေမယ့် ပြည်သူတွေရဲ့အမြင်မှာ လမ်းစဉ်ဟာ မှားနေပြီ၊ ကျွန်မလုပ်တာ တရားမျှတမှု မရှိဘူး၊ ပုံမကျဘူးလို့ ခံစားရရင် စိတ်ထဲမှာ မြုံမထားပါနဲ့၊ ကျွန်မတို့သိအောင် ဆန္ဒပြပွဲများ ကျင်းပ၍ ဖြစ်စေ၊ ဂျာနယ်၊ မဂ္ဂဇင်းများကဖြစ်စေ ဖော်ပြနိုင်ပါတယ်။ အဲဒီလို လွတ်လပ်စွာ တင်ပြကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။

နောက်ပြီး ကျွန်မတို့ အထက်က လူကြီးတွေ လုပ်ပုံကိုင်ပုံအချိုးမကျရင်လဲ ဝေဖန်ပေးကြပါ၊ ထောက်ပြ ကြပါ။ ကျွန်မ အဲဒါကိုလဲ ပြည်သူလူထုကြီးကို မေတ္တာရပ်ခံပါတယ်။ နောက်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြတဲ့ ပညာရှင်များ၊ စာရေးဆရာများနဲ့ကဗျာဆရာများအားလုံးကိုလဲ ကျွန်မ ပြောပါရစေ၊ ရှင်တို့ အမြင်တွေ၊ အတွေးတွေကို ထိမ်ချန်မထားကြပါနဲ့။ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ရေးကြပါ၊ သားကြပါ။ ကျွန်မကို ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အထက်လူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံ အချိုးမပြေတာကိုပဲဖြစ်ဖြစ် ရှင်တို့ အနေနဲ့ ဘာမှ အဆီးအတားမရှိ ဝေဖန်နိုင်ပါတယ်၊ အကြံပြုနိုင်ပါတယ်၊ တင်ပြဆွေးနွေးနိုင်ပါတယ်။ “ရှင်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါ ခေါင်းဆောင်ပဲ၊ ငါလုပ်ချင်ရာ လုပ်မယ်”ဆိုတဲ့ သဘောမျိုး ကျွန်မမှာ အလျဉ်းမရှိဘူးဆိုတာကို ကျွန်မ ဒီနေရာကနေ အတိအလင်းပြောပါတယ်။

နောက်ပြီး ကျွန်မအဖေ ပြောခဲ့တဲ့အတိုင်း ကျွန်မပြောချင်ပါသေးတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် အကောင်းဆုံး ပေးဆပ်ပြီး အလုပ်လုပ်မယ်၊ ကျွန်မစွမ်းနိုင်သမျှလုပ်မယ်၊ စွမ်းအားရှိသမျှ ကျွန်မရဲ့ အသက်အသွေးတွေနဲ့ပေါင်းစပ်ပြီး တိုင်းပြည်အတွက် ကျွန်မလုပ်ခဲ့မယ်။ ပြည်သူတွေအထဲက မွန်ဖြစ် ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်၊ ကချင်၊ ချင်း၊ ကယား….ဘယ်လူမျိုးထဲကပဲဖြစ်ဖြစ် ကျွန်မထက်ပိုပြီး တိုင်းပြည်အတွက် အလုပ်လုပ်နိုင်လိမ့်မယ်လို့ ယူဆသူရှိရင် ထွက်ခဲ့ပါ။ ကျွန်မ ချက်ချင်းဆင်းပေးပါ့မယ်။ ဒါကိုလဲ ပြည်သူလူထုကြီးရှေ့မှောက်မှာ ကျွန်မ အတိအလင်း ပြောပါ တယ်………………………………………………………………………………”။

“ဘာလို့ မျက်ရည်ကျနေရတာလဲကွာ” သူငယ်ချင်းကမေးမှ သတိပြန်ဝင်လာတယ်။ သတိဝင်လာမှ ကြည့်လိုက်တော့ အားလုံးရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေ အရွဲသားနဲ့။ တစ်ချို့ဆို မိန့်ခွန်းပြီးတာနဲ့ ရှိုက်ကြီး တငင် ငိုရှိုက်လို့နေတယ်။ ၀မ်းသာပီတိမျက်ရည်များ။ မိန့်ခွန်းပြီးလို့ ပြန်လည်ထွက်ခွါနေကြတဲ့ ပြည်သူလူထု မြင်ကွင်းကြီးကိုကြည့်ရင်း ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့လို့ ကျွန်တော် ရှိုက်ကြီးတငင်ကို ငိုရှိုက်မိခဲ့တယ်။

ကျွန်တော့်ဘ၀မှာ ဒီလောက်ရှိုက်ကြီးတငင် မငိုခဲ့ဖူးသလို ဒီလောက်လဲ ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဖူး ဘူး။

ကောင်းကင်က ညွတ်ခွေအိကျပြီး ကျွန်တော်တို့နဲ့အတူ ရှိနေတယ်။ အပြာရောင်ကောင်းကင်မှာ တိမ်စိုင်အိအိအချို့က ဟိုတိုးဒီရွေ့နဲ့ ပျော်ရွှင်မြူးထူးနေကြတယ်။ ကျွန်တော်တို့လဲ တိမ်စိုင်တွေနဲ့အတူ က,လို့ ပေါ့။ စီးလာတဲ့ကားက အာဇာနည်ကုန်းနားအရောက် လမ်းဘေးမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပိုစတာအကြီးကြီးကိုကြည့်ပြီး “ယား”နဲ့အော်သွားတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ ကျွန်တော် ကလဲ သံယောင်လိုက်ပြီး ယား…နဲ့ လိုက်အော်လိုက်တော့ ကားတစ်စီးလုံး ပွဲကျခဲ့တယ်။ မြူးလို့ပျော်လို့။

………………………………………

ကျွန်တော်အိပ်ယာကနိုးတော့

အိပ်ယာတစ်ခုလုံး မျက်ရည်တွေ၊ ချွေးတွေနဲ့ ရွှဲစိုနေတယ်။

အဲဒီနေ့တစ်နေ့လုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ရှိုက်ကြီးတငင် ငိုနေခဲ့တာက

ကျွန်တော်တစ်ယောက်ထဲရယ်ပါ။

လွင်ပြင်ရိုင်း

11, 5, 2008

ပါးစပ်သနတယ်(၂)

တစ်နေ့က လင်းလက်ကြယ်စင်ရဲ့ ဘလော့ကို သွားလည်ကြည့်တော့ သူရေးထားတဲ့ ဆောင်း ပါး သို့မဟုတ် ပေးစာလေးကို တွေ့ရတယ်။ စာအရေးအသားကောင်းသလို သဘာဝကျစွာ ရေးထား တာတွေ့ရတယ်။ န.အ.ဖ ဘာလုပ်လုပ် ကိုယ်ပိုင်စဉ်းစားညာဏ်မပါဘဲ “ကောင်းတယ်၊ ကောင်း တယ်”လို့ အော်ပေးနေတဲ့ နလပိန်းတုံးဘလော့တွေကို အချိန်ကုန်ခံပြီး ဖတ်လေ့မရှိပါဘူး။ ဒါပေမယ့် ဘာကြောင့်များ လင်းလက် ဒီလောက်ရေးထားတာပါလိမ့်ဆိုပြီး သိချင်တာကြောင့် ၀င်ကြည့် ဖြစ်ပါတယ်။ တစ်ခါမှလဲ ယုတ္တိရှိတဲ့ အကျိုးရှိတဲ့ စာကို မတွေ့ဖူးပါဘူး။ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဆိုပြီး ဗုဒ္ဓဘာသာဝင်နဲ့တူတဲ့ စကားမျိုးကို ဘယ်တုန်းကမှ မပြောတဲ့သူတွေလို့ ကျွန်တော်က ယူဆထား တာပါ။ ခုပဲ ကြည့်….။ ရေးထားလိုက်တာက တော်တော်အောက် တန်းကျတယ်။ ဒါနဲ့တောင် သူက “တကယ်ကို အောက်တန်းကျတယ်..တကယ်ကို မိုက်ရိုင်းလွန်းတယ်…….မင်းတို့မို့လို့ အရှက်မရှိ ရေးတယ်…”လို့ဆို ထားသေးတယ်။

“မင်းတို့တွေ ကိုယ့်ကိုကိုယ် ဘာကောင်တွေများ မှတ်နေကြလဲ”တဲ့။ စာဖတ်သူများ စဉ်းစား ကြည့်ကြစေချင်ပါတယ်။ အဲဒီလို စကားမျိုးပြောတဲ့သူများကို မြင်ယောင်ကြည့်ကြစေလိုပါတယ်။ ဘယ်လိုစရိုက်မျိုးရှိမယ်ဆိုတာ ရှင်းနေပါတယ်။ အဲဒီလို ပြောနေသူရဲ့ စိတ်ထားဟာ ဘယ်လိုရှိမလဲ ဆိုတာ ပြောစရာတောင် မလိုပါဘူး။ “ကျွန်ခံ”ဆိုတဲ့စကားနဲ့ပတ်သက်တာကတော့ ညီမလေးလင်း လက်ရဲ့ဘလော့မှာ သွားကြည့်ဖို့ ပြောလိုက်ပါတယ်။ အကျယ်ထပ်ပြီး မပြောတော့ပါဘူး။ အဆင့် အတန်းဆိုတဲ့စကားကို ပြောချင်၊ သုံးချင်ရင် ကိုယ်ကိုယ်တိုင် အဆင့်အတန်းရှိအောင် အရင်လုပ်သင့် ပါတယ်။ အဆင့်အတန်းရှိရှိ ရေးသားဖို့ သူများကိုပြောချင်ရင် ကိုယ်ကိုယ်တိုင် အဆင့်အတန်းရှိတဲ့ စာမျိုးကို ရေးတတ်အောင် အရင်ကျင့်ပါအုံး။

စစ်သားဆိုပြီး အမိန့်သံတွေ၊ အာဏာသံတွေနဲ့ ပြောနေကျပြီဆိုရင်တော့လဲ မတတ်နိုင်ဘူးလို့ပဲ ပြောပါရစေ။ “မင်းတို့ဒီမိုဆိုတဲ့ကောင်တွေမှာ စဉ်းစားတတ်တဲ့ဦးနှောက်တွေ မရှိတော့ဘူး.. မင်းတို့ ပြည်တွင်းကို ပြန်မလာနဲ့တော့”တဲ့။ ကိုယ့်စကားက ဘယ်ရောက်သွားပြီလဲ၊ ကိုယ့်လေသံက လူ့ လေသံဟုတ်ရဲ့လားဆိုတာလဲ နည်းနည်းလောက်တော့ စဉ်းစားကြည့်သင့်ပါတယ်။ “တကယ်ပဲဗျာ.. အသုံးကို မကျလိုက်တဲ့သူတွေ.. သိပ်စိတ်ပျက်ဖို့ကောင်းတယ်”တဲ့။ သူက အဆင့်အတန်းရှိစေချင်လို့ ပြောတာဆိုပဲ။ စဉ်းစားကြည့်ကြဖို့ ဖြစ်ပါတယ်။

“ငါတို့လဲ ပြည်ပကိုရောက်နေသူတွေပါပဲ.. ဒါပေမယ့် ရည်ရွယ်ချက်တွေက အကွာကြီး”တဲ့။ မေးကြည့်ချင်ပါတယ်။ ဘာရည်ရွယ်ချက်တွေလဲလို့။ တိုင်းပြည်က စစ်တပ်ကို ဘယ်လို သဘောထား သလဲ ဆိုတာတောင် သိအောင် မစုံးစမ်းနိုင်ရင် ဒါမှမဟုတ် သိသိကြီးနဲ့ ဇွတ်လုပ်နေရင် အဲလိုလူမျိုး တွေက နိုင်ငံကို ဘယ်လိုသွားပြီး ဦးဆောင်ကြမလဲ။ ကိုယ်မကောင်းတိုင်း ပြည်သူတွေကို ဆွဲဆွဲ မထည့်သင့်ပါဘူး။ စစ်တပ် အောက်ခြေအများစုကတောင် စစ်တပ်ကို မကြည်ညိုတာ၊ ပြည်သူက ဘယ်လိုလုပ် ကြည်ညိုနိုင်ကြမလဲ။ စဉ်းစားကြည့်စေလိုပါတယ်။ ဒါကိုလဲ တိုင်းပြည်က စစ်တပ်ကို မကြည်ညိုတာ နိုင်ငံခြားမီဒီယာတွေရဲ့ သတင်းမှားတွေ လှုံ့ဆော်မှုတွေကြောင့်လို့ ထင်နေကြတယ်။

“မြန်မာ့အလင်း၊ ကြေးမှုံဆိုရင် ပြောင်းပြန် ယူရတယ်”ဆိုတဲ့စကားက နေရင်းထိုင်ရင်း ထွက် လာတာ မဟုတ်ဘူး။ အမြဲတမ်း ညာပြီး၊ ဖြီးပြီး ရေးထားတာတွေဆိုတာ ပြည်သူတွေ အကုန်လုံးက သိတယ်။ “ဒါတွေ ဘာလို့ ဖတ်နေတာလဲလို့ မေးရင် ဒီကောင်တွေ ဘာရေးထားလဲဆိုတာ သိရ အောင်လို့”။ အဲဒီလို ပြောကြတာတွေ့ရမယ်။ နည်းနည်းလေးဖြစ်ဖြစ် အမှန်တရားနဲ့ ကပ်ပြီး စဉ်းစား ကြစေချင်ပါတယ်။ ဘယ်နေရာမှာ မီးလောင်ပြီဟေ့ဆိုရင် ပျက်စီးတာ အိမ်ခြေတစ်ရာဆိုရင် မြန်မာ့ အလင်း၊ ကြေးမှုံသွားကြည့်။ ဆယ်အိမ်လောက်ပဲ ရေးထားတာတွေ့ရမယ်။ ဒါက ဥပမာအနေနဲ့ ပြောတာ။ ဒီထက်လိမ်ညာနေတဲ့ကိစ္စတွေက အများကြီး။

“သေနေတာတွေ အများကြီးကို ပြုံးပျော်ပြီး ကြည့်နေရအောင် ရူးနေလို့လား”တဲ့။ အဲဒီစကား ကို နည်းနည်းပြောမယ်။ ဟုတ်တယ်။ န.အ.ဖ ခေါင်းဆောင်ဆိုသူတွေဟာ ရူးနေကြတာ။ အာဏာရူး, ရူးနေကြတာ လူတိုင်းသိတယ်။ အကူအညီပေးဖို့ကိစ္စကို သူတို့ခေါင်းထဲကို အရင်ဆုံးမထည့်နိုင်ကြဘူး။ “ငါတို့ နိုင်ငံခြားအကူအညီများ လက်ခံလိုက်ရင် ငါတို့အာဏာများ ဆုံးရှုံးသွားမလား”။ ဒါကိုပဲ သူတို့ အရင်ဆုံး စဉ်းစားတာ ထင်ရှားနေတယ်။ ပြည်သူတွေ ဘာပဲဖြစ်နေဖြစ်နေ ဗိုလ်ချုပ်ဆိုသူတွေဟာ သူတို့အာဏာ လက်မလွှတ်ရရေးကိုပဲ ရှေ့တန်းတင်တတ်ကြတယ်ဆိုတာ လူတိုင်းသိနေကြတာပဲ။ အဲဒီအာဏာကို လက်ဆင့်ကမ်းဖို့ စိတ်ကူးရှိသူတွေ၊ ကြိုးစားနေသူတွေ၊ အာဏာနဲ့လုပ်စားဖို့ ရည်ရွယ် နေသူတွေကတော့ ဗိုလ်ချုပ်ဆိုသူတွေ လုပ်သမျှ နောက်ကနေ ထီးတော်မိုး လိုက်လုပ်နေအုံးမှာ ပေါ့လေ။

“မင်းတို့စိတ်ထဲကစေတနာပြည့်ရင်၊ ဘယ်လိုလှုလှု၊ ဘယ်သူ့နာမည်တပ်တပ် မင်းတို့ဘာ ပြောစရာလိုလ”၊ “ခင်ဗျားတို့ပါးစပ်တွေကတော့ ခင်ဗျားတို့စေတနာတွေကို ဖျက်ဆီးနေကြတယ် ဆိုတာကို သတိထားစေချင်တယ်”။ မှန်ပါတယ်။ နာမည်တပ်တာက အရေးမကြီးပါဘူး။ စေတနာက အဓိကပါပဲ။ ဒါပေမယ့် နည်းနည်းလေး စဉ်းစားကြည့်ဖို့ ဖြစ်ပါတယ်။ လူဆိုတာ မတရားတာတွေ့ရင် လက်ပိုက်ကြည့်နေတတ်တာ မဟုတ်ဘူး။ အလှူလုပ်ဖူးတဲ့သူတိုင်း သိပါတယ်။ ခုပဲ ကိုယ်လှူထားတဲ့ ဘုရားကို အခြားသူတစ်ယောက်က “ဒါ ကျုပ်လှူထားတာ”ဆိုပြီး ကမ္ဗည်းလာထိုးရင် အဲဒီအလှူရှင် ဘာပြောမလဲ။ အလှူအတန်းလေးဘာလေး လုပ်ဖူးရင် နားလည်ပါလိမ့်မယ်။

အားလုံးကလဲ သူတော်စဉ်တွေ မဟုတ်ဘူး။ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တက်ပြချင်ကြ တာပဲ။ ဗိုလ်ချုပ်ဆိုသူတွေတောင် အလှူပစ္စည်းပုံတွေပေါ်မှာ သူတို့နာမည်ကြီးကို ထင်းနေအောင် ရေးထားလို့။ အဲဒါကို အပြစ်ပြောတာ မဟုတ်ဘူး။ လူ့သဘောကို နားလည်ထားကြဖို့ ပြောတာ။ ဘယ် သူမဆို အလှူလုပ်တာ ကိုယ့်သဘောလေးနဲ့ကို လုပ်ချင်ကြတာပဲ။ ဦးနှောက်လေးနဲ့တွေး၊ ဦးနှောက် လေးနဲ့စဉ်းစားပြီးမှ ဦးနှောက်လေးနဲ့ ရေးကြဖို့ လိုပါတယ်။ စာရေးတာကလဲ ငါးစိမ်းသည်မ ရန်တွေ့ သလိုမျိုးဆိုရင်တော့ “အဲလို စာရေးသူရှိတာ တိုင်းပြည်နာတယ်”လို့ ဆိုပါရစေ။

“စားစရာတွေကိုင်ပြိးဝင်သွား..သေချာတယ် ၀ိုင်းအုံလုမှာပဲ. ခင်ဗျားတို့ အ၀တ်အစားတွေ သွားဝေအုံး…၀ိုင်းအုံလုယက်မှာပေါ့”တဲ့။ ကိုယ်လိုရာဆွဲပြီး ကလေးလိုတွေးပြီး ကလေးလိုရေးထား တယ်။ ကလေးတွေရှေ့မှာတော့ မပြောရဲပါဘူး။ ကလေးသိက္ခာကျတယ်လို့ ဆိုနေအုံးမယ်။ သွားလှူ တဲ့သူတွေက ဦးနှောက်မရှိတဲ့သူတွေကျနေတာပဲ။ သူတို့လဲ သူတို့စဉ်းစားညာဏ်နဲ့ သူတို့ရှိတယ် ဆိုတာ တွေးမိပုံမပေါ်ဘူး။ အလှူ့ရှင် အဖွဲ့အစည်းတွေမှာလဲ သူ့စနစ်နဲ့သူ စဉ်းစားပြီးသားဖြစ်မှာပေါ့။ ဒုက္ခသည် အများကြီးရှိတဲ့နေရာကို အလှူမှာ ပိုက်ဆံကြဲသလို ဘယ်အလှူရှင်က လုပ်မှာလဲ။

“တပ်မတော်အစိုးရကလဲ လေဘေးဒဏ်ခံရသူတွေကို တပြေးညီထောက်ပံ့ကူညီနေတယ”တဲ့။ အခြေအနေကို ပြန်လည်သုံးသပ်စေချင်တယ်။ ပြောစရာသက်သေတွေက အများကြီးပါ။ တစ်ခု လောက် ပြောပြမယ်။ “နိုင်ငံတကာအကူအညီမပြောနဲ့ နိုင်ငံတော်အကူအညီတောင် မရောက်သေး ဘူး”လို့ ဆရာတော်ဦးညာဏိဿရက အမိန့်ရှိပါတယ်။ ဆရာတော်ပြောပြတာ ပြန်လည်နားထောင် စေချင်ပါတယ်။ ပြောတဲ့ရက်ကလဲ မုန်တိုင်းဖြစ်ပြီးလို့ ၁၆-ရက်တောင် ရှိနေပြီ။ ရွာပေါင်းများစွာမှာ ဘာအထောက်အပံ့မှ မရသေးဘူးဆိုတာလဲ ပါတယ်။

လူ့ဦးနှောက်ကို အသုံးပြုပြီး စဉ်းစားစေလိုပါတယ်။ ဒီလောက်ရက်ပေါင်းကြာတဲ့ထိ ဘာအကူ အညီမှ မရဖြစ်နေတာကို လက်ပိုက်ကြည့်ပြီး“ဟာ…ဗိုလ်ချုပ်ကြီးတွေကတော့ မုန်တိုင်းကယ်ဆယ်ရေး အတွက် အတော်အလုပ် လုပ်တာပဲ၊ တာဝန်ကျေပါတယ်၊ ဒုက္ခသည်တွေအတွက် တော်တော်အပင် ပန်းခံပါတယ်”လို့ အော်ပေးနေရမှာလား။ ရေးပေးနေရမှာလား။ တကယ့်တကယ် လူ့ဦးနှောက်နဲ့ စဉ်းစားကြည့်ရင် မြင်ပါလိမ့်မယ်။ ဆရာတော်ကိုများ မဟုတ်မတရားသတင်းတွေ လျှောက်လွှင့် နေတယ်လို့ ဆိုနေအုံးမလား၊ မသိ။

“ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်သားတွေပါဗျာ..ခင်ဗျားတို့နိုင်ငံရေးမှာ ကိုယ်လိုရာဆွဲပြီး ဇွတ်အဆိုးမပို့ကြပါနဲ့”တဲ့။ ဗုဒ္ဓဘာသာဟာ မင်းတို့လက်ထက်ရောက်မှ သိက္ခာတွေကျနေရပြီဆိုတာ ပြောချင်တယ်။ ကိုယ်လိုရာဆွဲပြီး ဇွတ်ပို့တာ မဟုတ်ဘူး။ န.အ.ဖ ဟာ အဆိုးတွေထဲကို ကိုယ်ကိုယ် တိုင် ဇွတ်တိုးဝင်နေတာကို မင်းတို့ သဘောပေါက်စေချင်ပါတယ်။

“ဆန္ဒခံယူပွဲကြီးလဲ အောင်မြင်ခဲ့ပြီ………ဘာတွေပြောချင်ကြသေးသလဲ……….ဘာတွေ ပြော နိုင်ကြသေးသလဲ……….တဖြေးဖြေးတိုးတက်တာကို မြင်နေရတဲ့ပြည်သူ မထောက်ခံဘဲနေမလား”တဲ့။ အရှက်မရှိပြောရဲတယ်လို့ပဲ သာသာလေးပြောလိုက်ချင်တယ်။ တဖြေးဖြေးဆိုတာဘာလဲ၊ လူလိုတွေး ပြီး လူလို ကြည့်ပြီး ပြောစေချင်၊ ရေးစေချင်ပါတယ်။ ပက်ကျိလို တဖြေးဖြေးလား။ ပက်ကျိလို တဖြေး ဖြေးဆိုရင်တောင် မြန်မာနိုင်ငံဟာ တော်တော်တိုးတက်နေပါပြီ။ ခုတော့….။

မတိုးတက်ဘူးလို့ ပြောစရာသာဓကတွေက အများကြီး။ မြန်မာနိုင်ငံမတိုးတက်သေး ဘူးဆို တာ (လူတွေ) သိနေတဲ့ ကိစ္စမို့ ရေးကြီးခွင်ကျယ်ပြောမနေတော့ဘူး။ ကျန်တာမပြောနဲ့ ရန်ကုန်လိုမြို့ ကြီးမှာတောင် လျှပ်စစ်မီး ရတယ်လို့ ပြောနိုင်ရုံပဲရှိတာ။ နားလည်ကြစေချင်ပါတယ်။ ၀င်ဒါမီယာမှာနေ ပြီး စည်းစိမ်ယဇ်နေသူတွေကတော့ မြောက်ဥက္ကလာက မလောက်မငှ မီးရနေတယ်ဆိုတာကို ဘယ်သိ နိုင်မလဲ။ န.အ.ဖ မဲတွေ ကြိုတင်ယူပြီး ညစ်တာကို ထည့်မပြောရင်တော့ လူလို မတွေးတတ်သူပဲ၊ အဲလိုပဲ ဆိုလိုက်ချင်တော့တယ်။ တစ်ချို့ရွာတွေဆို မဲပုံးဆီတောင် မသွားလိုက်ကြရဘူး။ အဲဒါကို ထောက်ခံမဲတွေ အများကြီးဗျလို့ ဆိုနေရင်တော့ ဦးနှောက်က အတော်ပျက်စီးနေပြီလို့ ဆိုရမယ်။

လူဆိုတာ ကိုယ့်အမြင်ကို လွတ်လပ်စွာတင်ပြနိုင်ပါတယ်။ ရေးသားနိုင်ပါတယ်။ ဒါပေမယ့် လူလို တင်ပြတတ်ဖို့၊ လူလို ရေးတတ်ဖို့ လိုပါတယ်။ တပ်ထဲမှာ အမိန့်ပေးသလို စာဖတ်သူကို အမိန့်တွေပေး၊ အရာရှိက ဆူသလို၊ ငေါက်သလိုမျိုး စာဖတ်သူကို လုပ်လို့မရဘူးဆိုတာကို ပြောချင်ပါ တယ်။

နောက်ဆုံးပြောချင်တာက တစ်ရက်လောက်ပဲ (အဲဒီထက် မပိုနဲ့) မြန်မာနိုင်ငံမှာ မရတဲ့ လွတ် လပ်စွာတင်ပြခွင့်၊ ရေးသားခွင့်၊ တရားစီရင်ခွင့်ပေးကြည့်။ ပိုမပေးနဲ့။ တစ်ရက်ထဲ။ န.အ.ဖ ဆိုတာ ပြည်သူတွေရဲ့တံတွေးနဲ့ သမုဒ္ဒရာထဲ ရောက်နေပြီ။

မင်းတို့ပြောရတာ ပါးစပ်သနတယ်။

လွင်ပြင်ရိုင်း

၂၆၊ ၅၊ ၂၀၀၈။

ပါးစပ်သနတယ်

လောကမှာ ဆန့်ကျင်မှုပြုတာပဲဖြစ်ဖြစ်၊ လိုက်လျော်ညီထွေဖြစ်နေတာပဲဖြစ်ဖြစ် သူ့အကြောင်း နဲ့သူ ရှိပြီးသား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအရလဲ အကြောင်းနဲ့ကင်းတဲ့အကျိုးဆိုတာ မရှိသလို အကျိုး တိုင်းမှာ အကြောင်းဆိုတာ ရှိပြီးသားဖြစ်ပါတယ်။ စစ်အစိုးရကို ကျွန်တော်တို့ ဘာလို့ ဆန့်ကျင်နေ တာလဲ။ ဒီမိုကရေစီအားထုတ်သူတွေကို ကျွန်တော်တို့ ဘာလို့ ထောက်ခံနေတာလဲ။ အဖြေက ရှင်းနေပေမယ့် တစ်ဖက်ကန်းတွေကလဲ အများအပြား ရှိနေပါတယ်။ စုံလုံးကန်းတယ်လို့ တောင်ဆိုနိုင် မလား။ သူတို့သိတာက တစ်ခုပဲ ရှိတယ်။ အာဏာ။ အဲဒါကြီးကိုတောင် မျက်လုံးဖွင့်ပြီး ကိုင်တွယ် ထားတာ မဟုတ်ဘူး။ စုံလုံးမှိတ်ပြီး စွဲကိုင်ထားကြတာ။ ဒါကြောင့် ကျွန်တော်က စုံလုံးကန်းတယ်လို့ ပြောတာပါ။ ထားလိုက်ပါ။ တစ်ဖက်ပဲကန်းကန်း၊ စုံလုံးပဲကန်းကန်း အကန်းဆိုတာ အမြင်အာရုံ မပြည့် စုံပါဘူး။

“ပြည်သူတွေက သူ့ဟာနဲ့သူ ကျေနပ်နေကြပြီးသားပါ၊ အဆိုးမြင်ဝါဒီတွေက အစိုးရမကောင်း ကြောင်းပဲ အမြဲပြောနေကြတယ်၊ ဒီ ဘီဘီစီ၊ ဘီအိုအေ….တွေကလဲ တစ်ခါမှ အစိုးရကောင်းတာ မပြောဘူး၊ လွန်လွန်းပါတယ်” အကန်းတစ်ယောက်က အဲလို ပြောပါတယ်။ ဟုတ်ပါတယ်။ ပြည်သူ တွေဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်အောက်မှာ အေးချမ်းစွာ နေတတ်ကြပါတယ်။ ကျေနပ်နေ နိုင်ကြပါတယ်။ ဒါပေမယ့် မတတ်နိုင်လို့သာ လက်ပိုက်ကြည့်နေရတဲ့ အနေအထားပါ။

ကိုယ့်ဘ၀ကို ကျေနပ်နေနိုင်ကြပေမယ့် “ငါတို့ဘ၀တွေက ဒီထက်တိုးတက်နေသင့် ပါလား”ဆိုတာ စဉ်းစားတတ်သူတိုင်း တွေးနေတဲ့ အတွေးအခေါ်ပါပဲ။ ကိုယ့်လုပ်စာကိုယ်စားပြီး အေး ချမ်းစွာ နေနေကြပါတယ်။ ဒါပေမယ့် “ကမ္ဘာမှာ မြန်မာဆိုတာ တော်တော်နိမ့်ကျပါလား၊ သမိုင်းစာတွေ ထဲမှာတော့ ကိုယ့်မင်း ကိုယ်ချင်းနဲ့ သခင်မျိုးဟေ့ ဒို့ဗမာလို့ ပြောတာပဲ၊ ခုတော့ ဒို့အားလုံးကို မော့ ကြည့်နေရပါလား” ဆိုတဲ့ အတွေးဟာ ပြည်ထောင်စု မြန်မာနိုင်ငံကြီးသားတွေစိတ်ထဲမှာ လွှမ်းမိုး လာခဲ့ပြီ။ ကျွန်တော်အမြင်အရ ဒီအတွေးဟာ နိုင်ငံအတွက် အတော့်ကို အန္တရာယ်ကြီးပါတယ်။

မြန်မာတွေဟာ အားလုံးသိမ်ငယ်နေကြရပြီ။ သိမ်ငယ်စိတ်ဟာ လောကမှာ အဆိုးဆုံးလို့ ထင်ပါတယ်။ သိမ်ငယ်စိတ်ဝင်မိပြီဆိုရင် ပြိုင်ပွဲမ၀င်နဲ့တော့။ ဘာကြောင့်လဲဆိုတော့ သိမ်ငယ်စိတ်ဟာ တစ်ဝက်ရှုံးပြီးသား ဖြစ်လို့ပါပဲ။ ခုဆို ကျွန်တော်တို့ ရွှေမြန်မာတွေ နိုင်ငံခြားထွက်ပြီး ကျွန်ခံနေကြရတဲ့ အဆင့် ရောက်လာနေပြီ။ ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူ့ကို လက်ညိုးထိုးရမလဲ။ ကျွန်တော်တို့ တိုင်း ပြည် အောက်ကျနောက်ကျ ဖြစ်နေတာ၊ အိမ်နီးချင်းတွေရဲ့ နင်းပြားဖြစ်နေတာ၊ ကမ္ဘာမှာ အချဉ်ဖက် ကြီးဖြစ်နေတာ၊ အဲဒီအတွက် ကျွန်တော်တို့ ဘာကို တမ်းတရမလဲ။ ဘယ်သူ့ကို တမ်းတရမလဲ။ သူများထက် မသာရင်တောင် သူများနဲ့ရင်ဘောင်တန်းနိုင်တဲ့ဘ၀မျိုး၊ လူရိုသေ ရှင်ရိုသေဘ၀မျိုးလေး၊ အဲလောက်လေး ဖြစ်လာဖို့အတွက် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။

ဒီလို ကိုယ့်နိုင်ငံအသုံးမကျလို့ နိုင်ငံခြားသွား။ နည်းမျိုးစုံနဲ့သွား။ တရားဝင်သွားတာကော၊ တရားမ၀င် သွားတာကော၊ အများကြီးပဲ။ ကျွဲတွေ၊ နွားတွေလို အလုပ်လုပ်ကြရ။ ဒါကို စည်းစိမ်ယဇ် နေတဲ့ န.အ.ဖ ခေါင်းဆောင်ဆိုသူတွေက တိုးတက်နေပါတယ်လို့ ပြောလိုပြော။ မငတ်ရုံတမယ် အသက်ရှင်နေရတဲ့ ရွှေမြန်မာတွေ တစ်နေ့တစ်ခြား တိုးပွားလို့နေတယ်။ ဒါကိုလဲ မမြင်နိုင်။

သူတို့ ပြောသလို ရွှေမြန်မာတွေ တိုးတက်နေပါတယ်။ ကြီးထွားနေပါတယ်။ ဘာတွေ တိုးတက်လို့ ဘာတွေ ကြီးထွားနေသလဲ။ အလုပ်လက်မဲ့တွေ၊ သူတောင်းစားတွေ၊ စားစရာမရှိလို့ ဖြစ်သလို လိမ်စားနေရတဲ့ လူလိမ်တွေ၊ မရှိလို့ ခိုးစားနေရတဲ့ သူခိုးတွေ၊ တရားသောနည်းနဲ့မရနိုင်လို့ အာဏာပြပြီး အနိုင်ကျင့် လုယက်နေတဲ့ အရာရှိကြီးငယ်တွေ၊ အဲဒါတွေ တိုးနေပါတယ်။ အဲဒါတွေ တက်နေပါတယ်။ အဲဒါတွေ ကြီးထွားနေပါတယ်။

“နိုင်ငံခြားရောက်သွားတဲ့သူတိုင်းလိုလို ဘာကြောင့်များ အစိုးရဆန့်ကျင်ရေးသမားတွေ ဖြစ် သွားကြရတာပါလိမ့်”တဲ့။ အကန်းတစ်ယောက်စဉ်းစားနေပုံပြောပါတယ်။ ဒီလောက်လေးကို ခါး တောင်းကျိုက်စဉ်းစားနေကတဲက ဒီလူ ကန်းနေပြီဆိုတာ သိသာပါတယ်။ လူဆိုတာ နေရင်းထိုင် ရင်း သူများကို ဆန့်ကျင်တဲ့သဘော မရှိပါဘူး။ မြန်မာဆိုတာ ခေါင်းဆောင်ကို ရိုသေတတ်ကြတယ်။ လေးစားတတ်ကြတယ်။ ဘာကြောင့်များ ဒီအစိုးရခေါင်းဆောင်တွေကို မလေးစားမကြည်ညိုကြတာ လဲ။ ကျွန်တော်ရှေ့မှာ ပြောခဲ့ပြီးပါပကော။ အကျိုးဆိုတာ အကြောင်းရှိလို့ ဖြစ်လာရတာလို့။

နိုင်ငံခြားရောက်တဲ့သူတိုင်းလိုလို စစ်အစိုးရကို ဆန့်ကျင်မှုပြုနေကြပြီဆိုကတဲက အမြင် အကြားအာရုံ ပြည့်စုံသူတိုင်းက သိလိုက်ပါပြီ။ စစ်အစိုးရကိုက မကောင်းလို့။ အဲဒါကို ခါတောင်း မျှောင်နေအောင် ကျိုက်ပြီး စဉ်းစားမနေပါနဲ့လို့။ တစ်ဖက်က ကြည့်ရင် စစ်အစိုးရဟာ ပြည်တွင်းမှာ ဘယ်လောက်တားဆီးပိတ်ပင်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေသလဲဆိုတာကိုလဲ ကြည့်တတ်သူတိုင်း တွေ့ပါလိမ့်မယ်။ ပြည်တွင်းမှာ လွတ်လပ်စွာသဘောထားဖော်ထုတ်ခွင့် မရှိဘူးဆို တာကို ပြနေတာပါပဲ။

ပြည်တွင်းမှာသာ စာပေလွတ်လပ်ခွင့်၊ သဘောထားအမှန်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ပေးကြည့်ပါလား။ အကြာကြီး မပေးပါနဲ့။ တစ်ရက်ပဲ ပေးပါ။ ပြည်သူတွေ ကြွေးကြော်တဲ့အသံနဲ့ န.အ.ဖဟာ လွင့်ထွက်သွားပါလိမ့်မယ်။ ဒါကို န.အ.ဖ နောက်လိုက် နလပိန်းတုံးလေးများ၊ နလပိန်းတုံးလတ်များ၊ နလပိန်းတုံးကြီးများ သိစေဖို့ ဖြစ်ပါတယ်။ မြန်မာတွေဟာ ပြည်ပရောက်မှ ဆန့်ကျင်တာ မဟုတ်ဘူး။ ပြည်တွင်းမှာ န.အ.ဖ ကောင်းတယ်လို့ပြောတာ မင်းတို့လို နလပိန်းတုံးအမျိုးယုတ်တွေပဲ ရှိတယ်။ သေသေချာချာ စုံစမ်းလိုက်ပါအုံး။

ကျွန်တော်တို့ ဘယ်တုန်းကမှ လွတ်လပ်ခွင့် မရခဲ့ပါဘူး။ လွတ်လပ်ရေးရခဲ့တာက ကြာပါပြီ။ လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သူတွေလဲ မနည်းဘူး။ ခု သူတို့ ၀ိညာဏ်တွေက တမလွန် က မျက်ရည်ကျနေရော့မယ်။

မင်းတို့ ပြောရတာ ပါးစပ်သနတယ်။

လွင်ပြင်ရိုင်း

ကံဆိုးမိုးမှောင်ကျခြင်း၊ တာဝန်မဲ့ခြင်း၊ စိတ္တဇနေ့ရက်များနှင့်ကျွန်တော်

ခုတော့လဲ ကမ္ဘာကြီးက သူမဟုတ်တော့သလို။ ငြိမ်သက်လို့။ ငြိမ်သက်မှုမှာ ကျွန်တော် အကြိမ်ကြိမ် အရသာခံခဲ့ဖူးပါတယ်။ ငြိမ်သက်မှုမှာ ကျွန်တော့်စိတ်တွေ အကြိမ်ကြိမ် အေးချမ်းခဲ့ဖူး ပါတယ်။ ငြိမ်သက်မှုကို ကျွန်တော် အကြိမ်ကြိမ် တမ်းတမက်မောခဲ့ဖူးပါတယ်။ ခုတော့……..

ငြိမ်သက်နေတဲ့ ကမ္ဘာကြီးရဲ့ တစ်နံတစ်လျား ရပ်ဝန်းလေးတစ်ခုဟာ ခြောက်ခြားဖွယ်။ သုသာန်တစပြင်လို သွေးပျက်ဖွယ်။ အဖေ ဘယ်ရောက်သွားပြီလဲ၊ အမေ ဘယ်ရောက်သွားသလဲ။ ကျွန်တော့်အချစ်ဆုံး ညီမလေးကော ဘယ်ရောက်သွားခဲ့ပြီလဲ။ ပြီးတော့ ကျွန်တော့်သူငယ်ချင်း များစွာ…. များစွာ……များစွာ။ ဘယ်များရောက်ကုန်ကြပြီလဲ။ ခု…ကျွန်တော် မြင်နေရတဲ့ ရှုခင်းတွေက တကယ်လား၊ အစစ်အမှန်ဟုတ်ရဲ့လား။ ကျွန်တော် အိပ်မက်,မက်နေတာများဖြစ်မလား။ တွေးရင်း တွေးရင်း ကျွန်တော့်စိတ်တွေ ခြောက်ခြားလာတယ်။ ဘာရယ်မှန်း စဉ်းစားလို့ မရတော့။ ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးပစ်လိုက်တယ်။

ကျွန်တော်တို့ရွာမှာ မနေ့ကတဲက လေအတော်တိုက်တယ်။ လေက တဖြည်းဖြည်းနဲ့ ကြမ်း ကြမ်းလာတယ်။ “လေတွေအရမ်းတိုက်နေတယ်၊ မီးဘေးအန္တရာယ်ကြောင့် မီးဖိုက မီးတွေ ငြိမ်းသက် ကြဖို့” ရွာထဲမှာ လူကြီးတွေ လိုက်လံပြောနေကြတာတွေ့ရတယ်။

နေ့ခင်းက လယ်တောမှာ အလုပ်များခဲ့ကြတော့ ကျွန်တော်တို့ရွာက ည ၉-နာရီဆို အိပ်နေ ကြပြီ။ မှတ်မှတ်ရရ မနေ့က ကျွန်တော်က ဘကြီးဖိုးဆောင်တို့အိမ်က လယ်တောမှာ အလုပ်လုပ်ကူ ရတယ်။ အရမ်းပင်ပန်းတော့ ၉-နာရီတောင် မရှိသေးဘူး။ အိပ်ငိုက်နေပြီ။ ဒါပေမယ့် ရွာမှာ လေက အရမ်းတိုက်နေတာနဲ့ တော်တော်နဲ့အိပ်မပျော်ဘူး။ ၈-နာရီလောက်က ညီမလေးရယ်၊ သူ့ခင်ပွန်းရယ်၊ ၅-နှစ်အရွယ် ကျွန်တော့်တူလေး သန်းထိုက်ရယ်၊ ကျွန်တော်တို့အိမ်ကို ရောက်လာကြတယ်။ သူတို့ အိမ်က ရွာအစွန်မှာ၊ အိမ်ကလဲသေးသေးလေး။ “လေက အရမ်းတိုက်တာ အစ်ကိုရဲ့၊ ညီမတို့အိပ်လို့ မရဘူး၊ ခေါင်မိုးတွေလဲ လန်နေပြီ၊ အဲဒါ ဒီည ဒီမှာ အိပ်ဖို့ဆိုပြီး လာခဲ့ကြတာ”လို့ ပြောပါတယ်။

အေးအေးဆေးဆေးပါပဲ။ လေတိုက်တာများ အဆန်းလုပ်လို့။ ကျွန်တော်တို့အတွက်တော့ ဒီလောက်လေတိုက်တာကတော့ ရိုးနေပြီ။ သန်းထိုက်လေးကို ညီမလေးက သြကာသတွေ တိုင်ပေးပြီး ဘုရားရှိခိုးကာ ကျွန်တော်တို့ အိပ်ယာဝင်ခဲ့ကြတယ်။ လေက တဝေါဝေါ တိုက်ခတ်နေဆဲ။ အိပ်ယာဝင် ခါနီး ညီမလေးက “အစ်ကိုကြီး မနက်ဖြန်ကျရင် အိမ်ကိုလာခဲ့အုံးလေ၊ အိမ်က အမိုးတွေ ခုလောက်ဆို အကုန်ပြုတ်ကုန်လောက်ပြီ”လို့ ပြောခဲ့တယ်။ တူလေးကလဲ “ဦးဦး နောက်တစ်ခါ မြို့သွားရင် ကားရုပ် လေးဝယ်ခဲ့အုံးနော်”လို့ ပြောခဲ့တယ်။ တောင်ရောက်မြောက်ရောက်စကားတွေ ပြောရင်း ကျွန်တော်တို့ အိပ်ပျော်သွားကြတယ်။

ကျွန်တော်ကိုယ်တိုင်ကော ဒီမှာ ရှိနေတာ သေချာရဲ့လား။ လူဆိုလို့ တစ်မြည်းတစ်ကောင်မှ မတွေ့ရဘူး။ ရွာဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ကဆုန်လပြည့်ကျရင် ညောင်ရေသွန်းလောင်းဖို့ ပြင်ဆင်ထားတဲ့ ဗောဓိညောင်ပင်ကြီးလဲ တစ်စစီလဲပြိုနေပြီ။ ကျွန်တော် ရွာဘက်ကို သွားရမှာ မ၀ံ့မရဲ ဖြစ်နေမိသေးတယ်။ ဒါပေမယ့် သွားမှ ဖြစ်မှာပါလေဆိုပြီး အားတင်းသွားခဲ့တယ်။ “အိုး….ဘုရား. ဘုရား….အိမ်တွေအားလုံး ပြိုကျလို့ပါလား၊ လူသေအလောင်းတွေက မြင်မကောင်း ရှုမကောင်း၊ နွား တွေ၊ ခွေးတွေ…စတဲ့ တိရစ္ဆာန်အသေကောင်တွေကလဲ အများကြီး”။ ဆက်လျှောက်လာခဲ့တယ်။ ဒီအတိုင်းပဲ။ “ဒါ ငါတို့ ရွာကော ဟုတ်ရဲ့လား၊ ငါ အိပ်မက်ဆိုးတွေ မက်နေတာ ဖြစ်ပါစေ”လို့ ဆုတောင်းနေမိတယ်။

တစ်စုံတစ်ယောက်က ညှို့ယူဖမ်းစားထားခံရသူတစ်ယောက်လို လေးလေးပင်ပင် ဖင့်ဖင့် နွဲ့နွဲ့ နဲ့ တစ်လှမ်းချင်း ခေါင်းငိုက်စိုက်ချပြီး ကျွန်တော် လျှောက်သွားနေမိတယ်။ အားရပါးရ၊ တအံ့တသြ၊ အော်လိုက်တဲ့ အသံ။ “ဟေး…ဟေး…ထွန်းမောင်ကြီး မသေသေးဘူးဟေ့”။ တစ်ရွာလုံး ရစရာမရှိ အောင် ပျက်စီးပြီး အားလုံးနီးပါး သေဆုံးပျက်စီးခဲ့ရပေမယ်၊ အဆိုးထဲကအကောင်း ကျွန်တော်တစ် ယောက်ကျန်သေးတာ တွေ့ရလို့ ခဏတာ ပျော်လိုက်မိကြသေးတယ်။ မကြာပါဘူး။ ဘာမပြော၊ ညာမ ပြောနဲ့ မောင်သန်းက ထပြီး “ဟီး…”ခနဲ ငိုလိုက်တော့ အားလုံး ဘာစကားမှ မပြောဘဲ ငိုလိုက်ကြ ပြန်တော့တယ်။ ဘာစကားမှလဲ ပြောစရာမရှိဘူးလေ။ ငါ့အဖေ၊ ငါ့အမေ၊ ငါ့အစ်ကို၊ ငါ့ညီမ၊ ငါ့ညီလေး၊ ………………ငါ့ချစ်သူ…..။ သူတို့ကို တွေ့မိကြသေးလား။

ကျွန်တော်တို့ မေးချင်တာ အဲဒါ တစ်မျိုးပဲ။ ဒါပေမယ့် ကျွန်တော်တို့အားလုံး သိနေကြတယ်။ ကျွန်တော်တို့မှာ အဲဒီအတွက် အဖြေမရှိဘူး။

တာဝန်မဲ့ခြင်း

“ကဲ ငါတို့ ဘာဆက်လုပ်ကြမလဲ”၊ “ပထမဆုံး မသေမရှင် ရှိနေနိုင်တဲ့ သူတွေကို လိုက်ရှာရ မယ်”၊ “နောက်ပြီး စားစရာလဲ ရှာကြအုံးဟ”၊ တစ်ယောက်တစ်ပေါက်နဲ့ စဉ်းစားအဖြေရှာနေကြတယ်။ စကားသာပြောနေရတယ်။ အသံက အပြင်ကိုရော ရောက်ရဲ့လားဆိုတာ မသေချာဘူး။ ပထမဆုံး ကျွန်တော်တို့ အလောင်းတွေကို စုပြီး ပုံထားကြတယ်။ ကျွန်တော်တို့ရွာမှာ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်အပါအ၀င် ၁၅-ယောက်ပဲ တွေ့ရတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် စုကြတာ ခုဆို (ညနေ ၄-နာရီ) အလောင်းတွေက တစ်ရာနီးပါး ရှိနေပြီ။ ပုံမှန်အတိုင်းဆို ကျွန်တော်က သရဲ အရမ်းကြောက်တတ်တာ။ ခုတော့ ဘာကို ကြောက်ရမှန်းကို မသိတော့ပါဘူး။

ကျွန်တော်တို့ ဒီလို အလောင်းတွေ၊ တိရစ္ဆာန်သေကောင်တွေကိုရှင်းရင်းနဲ့ နှစ်ရက်တောင်တိုင် လာခဲ့ပြီ။ စားစရာကလဲ လုံလုံငငမရသေးဘူး။ ရှိတာလေးနဲ့ ဖြစ်သလိုမျှစားနေကြရတယ်။ နေရ ထိုင်ရတာလဲ မကောင်းတော့ဘူး။ ညက ကျွန်တော်တို့ထဲက အကြီးဆုံး ဦးကြီးမောင်ဖွင့်တဲ့လေဒီယိုကို ၀ိုင်းနားထောင်တော့ အကူအညီတွေ အမြန်ဆုံးပေးနေပြီတဲ့။ မြန်မာ့အသံက ကြေညာသွားတယ်။

ကျွန်တော်တို့မှာတော့ မျှော်လင့်လိုက်ရတာ။ ခုချိန်ထိ ဘာမှ ရောက်မလာသေးဘူး။ ကျွန်တော် တို့ဘ၀ရှေ့ရေးဆိုတာ မပြောနဲ့အုံး။ လက်တလော ပုတ်စော်နံနေတဲ့အလောင်းတွေ၊ အသေကောင် တွေကို ဘယ်လိုဆက်လုပ်ကြမလဲ။ ကျွန်တော်တို့မှာ ဘယ်နေရာသွားသွားအနံ့တွေက နံနေတယ်။ အဆိုးဆုံးက ရွာထဲက ရေတွင်းတွေ အားလုံးက ပျက်စီးကုန်ပြီ။ ကျွန်တော်တို့မှာ သောက်စရာရေက မရှိဘူး။

သုံးရက်မြောက်နေ့မှာ စစ်သားတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ရွာကို ရောက်လာကြတယ်။ ကျွန်တော်တို့အားလုံးလဲ ဒီရွာက ထွက်ရမယ်လို့ ပြောတယ်။ သူတို့နဲ့ပါလာတဲ့ စားစရာနဲ့ရေသန့်ဗူးတွေဟာ ကျွန်တော်တို့အတွက် နတ်သုဒ္ဓါတမျှ တန်ဖိုးကြီးလှပါတယ်။ ဒါပေမယ့် လောက်လောက်ငငတော့ မစားရဘူးပေါ့ဗျာ။ ကျွန်တော်တို့တစ်ဖွဲ့လုံး စိတ်မပါတပါနဲ့ မအူပင်ကို ထွက်ခဲ့ရတယ်။ ဘယ်လိုအခက်အခဲပဲတွေ့တွေ့၊ ဘာအနိဋ္ဌာရုံပဲဖြစ်ဖြစ် ကျွန်တော်တို့ရွာသားတွေကို လူနည်းလူဟန်နဲ့ မြေမြုပ်သဂြိုဟ်ချင်တယ်ဗျာ။ ခုတော့ သူတို့ဟာ ကျင်းအကြီးကြီတစ်ခုတူးပြီး အားလုံးကို စုပြုံမြှုပ်နေကြတာ။ စိတ်မကောင်းလိုက်တာဗျာ။

ဘာမှမသိတဲ့ကျွန်တော်လို တောသားတောင် နားလည်ပါတယ်ဗျာ။ ကျွန်တော်တို့ဆီမှာ အကူအညီတွေ အရမ်းကို လိုအပ်နေပါတယ်။ ခု လုပ်နေတဲ့ အနေအထားနဲ့ ဘယ်လိုမှ မလုံလောက် ပါဘူး။ အစားအသောက်မလုံလောက်ဘူး၊ ဆေးမလုံလောက်ဘူး၊ နေစရာမလုံလောက်ဘူး။ ဘာဆို ဘာမှ မပြည့်စုံပါဘူးဗျာ။ ဒါတောင် နိုင်ငံခြားအကူအညီတွေကို ဘာလို့များ ငြင်းနေရတာလဲ။ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး။ ဒီမှာလုပ်နေတဲ့ဆရာဝန်တွေလဲ သိပ်ကို ပင်ပန်းနေပါပြီ။ ခြောက်ခြားဖွယ်အဖြစ် အပျက်ကြီးထဲမှာ စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲ အာဏာပိုင်တွေရဲ့ အေးအေးဆေးဆေ နေနိုင်မှုတွေကြောင့် ဒေါသတွေ ထွက်မိတယ်။ ဘယ်လိုမှ မခံစားနိုင်ဖြစ်ရတယ်။

ခု လုပ်ပုံကိုင်ပုံတွေက သိပ်ကို နှေးကွေးလွန်းတယ်။ တစ်ချို့ဆို မုန်တိုင်းထဲက လွတ်မြောက် ခဲ့ပေမယ် ကျန်းမာရေးထိခိုက်ပြီး သေဆုံးနေကြရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေက အများ ဆုံးပဲ။ ရှိတဲ့အိုးမဲ့အိမ်မဲ့တွေနဲ့ စားစရာ၊ နေစရာ……..ဘာမှကို မရှိတာ။ ကျန်းမာရေးတွေလဲ အကုန် ထိခိုက်လာကုန်ပြီ။ ၀မ်းလျှောနေသူတွေကလဲ တစ်ယောက်ပြီးတစ်ယောက်။ အဆိုးဆုံးက အိမ်သာက အလုံအလောက်မရှိဘူး။

အလှူရှင်တွေကတော့ ပေါ်ပါတယ်။ လှူတဲ့သူတွေလဲ လှူနေကြတာပဲ။ ဒါပေမယ့် တာဝန်ခံ လူကြီးက သူတို့ကို အရင်အပ်ရမယ်ဆိုလို့ အလှူရှင်တွေက အယုံအကြည်မရှိဘူး။ ကြားထဲက ဒုက္ခသည်တွေက ပိုပိုပြီး မပြည့်မစုံဖြစ်လာရတယ်။ လာဘ်စားတယ်ဆိုတာ ကျွန်တော်တို့ ပြည် ထောင်စု မြန်မာနိုင်ငံတော်ရဲ့ သင်္ကေတလို ဖြစ်နေပြီ။ ဒီအတွက် ကျွန်တော်သိပ်မပြောလိုတော့ပါဘူး။ ဒါပေမယ့် ခုလို…..ခုလို ဒုက္ခအကြီးအကျယ်ရောက်နေတဲ့အခါမျိုးမှာတော့ လုပ်မစားသင့်ပါဘူးဗျာ။

လေးရက်မြောက်နေ့မှာ လူကြီးတွေရောက်လာတယ်။ လာပြီးအားပေးစကားပြောတာပေါ့။ ဘာမှစိတ်မပူကြနဲ့။ အားလုံးအခြေအနေကောင်းသွားပြီ။ ကျွန်တော်တို့က ခင်ဗျားတို့ကို အစစအရာရာ ကူညီသွားမှာပါလို့ ပြောသွားတယ်။ “မှာပါ”ဆိုတာက ဘာကြီးလဲဗျာ။ ခုတောင် အကူအညီမရလို့ သေနေတဲ့သူတွေက သေနေကြပြီ။ ရောဂါဖြစ်နေတဲ့သူတွေက အသည်းအသန်ဖြစ်နေကြပြီ။ ဒီပြော နေတဲ့အချိန်မှာတောင် အရမ်းအရမ်းကို၊ အလွန့်အလွန်ကို နောက်ကျနေပြီ။ ဒါတောင် လက်ထဲမှာ ဘာမှမပါဘဲ “မှာပါ”ဆိုတဲ့စကားကို ပြောရက်တယ်။

ကျွန်တော့်စိတ်ထဲမှာ ဒေါသအထွက်ဆုံး၊ နာအကျည်းဆုံးက “ခင်းဗျားတို့လိုအပ်တာကို ကျုပ်တို့ ကူညီမယ်၊ ပြီးတော့ လာမယ့် ဆန္ဒခံယူပွဲကျရင် ထောက်ခံမဲတွေလဲ ထည့်ကြအုံးနော်”တဲ့။ မျက်နှာပြောင်တိုက်ပြီး သူမို့လို ပြောရက်တယ်ဗျာ။ ကျွန်တော်တို့အဖွဲ့ကို စိတ်ရောကိုယ်ပါ ကူညီနေတဲ့ စစ်ဗိုလ်ဆရာဝန်လေးကတော့ ပြောတယ်။ “လူကြီးတွေက ဆန္ဒခံယူပွဲလောက် ခင်ဗျားတို့ကို ဂရုစိုက် တာ မဟုတ်ဘူးဗျ”တဲ့။

စိတ္တဇနေ့ရက်များနှင့်ကျွန်တော်

မနက်ဖြန် ကျွန်တော်တို့ ပြန်ရတော့မယ်။ ရောက်ပြီး တစ်ရက်အကြာမှာပဲ ကျန်းမာတဲ့သူတွေ ဒီမှာမနေရဘူး။ ပြန်ကြတော့တဲ့။ ဟုတ်ပါပြီ။ ကျွန်တော်တို့ ဘယ်ကို ပြန်ရမှာလဲ။ ဟုတ်ပါပြီ။ ကျွန်တော်တို့ ရွာကို ပြန်ပါပြီတဲ့။ ဘာသွားစားမလဲ။ ရေဘယ်က သောက်ရမလဲ။ ဘယ်မှာနေရမှာလဲ။ ကျွန်တော်လဲ လူငယ်ပီပီ ကိုယ့်အားကို ကိုးချင်တာပေါ့ဗျာ။

အာဏာပိုင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့ နိုင်ငံခြားအကူအညီကို လက်ခံဖို့ အဆင်သင့် မဖြစ်သေး ဘူးဆိုသလိုပဲ ကျွန်တော်တို့လဲ ရွာကို ပြန်ဖို့ အဆင်သင့်မဖြစ်သေးပါဘူးဗျာ။

“ခင်ဗျားတို့က ဘာသိလို့လဲ၊ နိုင်ငံခြားအကူအညီဆိုတာ ယူတိုင်းကောင်းတာမဟုတ်ဘူး၊ သူတို့ က ကျုပ်တို့သယံဇာတတွေကို မက်မောလို့ ထောင်မြင်ရာစွန့်တဲ့အနေနဲ့ လာလှူကြမှာဗျ၊ အဲဒါကြောင့် မို့လို့ လူကြီးတွေက သေချာစိစစ်ပြီးမှ လက်ခံနေတာ”တဲ့။ ကြံ့ဖွံ့လူကြီးတစ်ယောက်က ပြောတယ်။ ဒါမျိုး ငတုံးတွေရှိနေသမျှတော့ ကျွန်တော်တို့ပြည်သူတွေ ဒုက္ခတောနက်ထဲမှာ တ၀ဲလည်လည် ဖြစ်နေ အုံးမှာပဲ။ တဖြည်းဖြည်း ကျွန်တော်လဲ အရှုးတစ်ယောက်လို ဖြစ်လာခဲ့ပြီ။

လေတွေ စတိုက်တဲ့ညတုန်းကသာ ဒီလို ကြီးကျယ်တဲ့မုန်တိုင်းကြီး တိုက်ခတ်လာနိုင်တယ်လို့ ကြိုတင်သတိပေးမှုလေးများရှိခဲ့ရင် မေမေ၊ ဖေဖေ……ချစ်တဲ့ညီမလေး…တူလေးသန်းထိုက်…ငါတို့ရွာ သားများ….. ဒီလောက်အများကြီး မသေလောက်ဘူးလို့ တွေးမိတော့ ရင်ထဲမှာ တဆစ်ဆစ်နာကျင် လာတယ်။ ငိုဖို့တောင် မျက်ရည်က မရှိတော့ဘူး။ ခံစားဖို့ ရင်ဘက်က ကွဲနေပြီ။ အရူးတစ်ပိုင်းနဲ့ကျွန်တော်…..။

ခု ဒုက္ခသည်တွေရဲ့အခက်အခဲက သယံဇာတတွေထက် တန်ဖိုးရှိပါတယ်ဗျာ။ သူ့ကိုတော့ ကျွန်တော် မပြောရဲခဲ့ပါဘူး။ ခင်ဗျားတို့ ငတုံးတွေ ပြောချင်ရာပြော၊ အာဏာယိုင်သွားမှာ၊ ထိုင်ခုံပေါ်က ဆင်းရမှာကြောက်လို့ ခင်ဗျားတို့ တွန့်ဆုတ်နေကြတယ်၊ ကျုပ်တို့ထက် အာဏာမြဲရေးကို အဓိကထား နေတယ်ဆိုတာ တစ်တိုင်းပြည်လုံးသိနေပါတယ်ဗျာ။ သူ့ကိုတော့ ကျွန်တော် မပြောရဲခဲ့ပါဘူး။

ဒီ…..စိတ္တဇနေ့ရက်များ ဘယ်အထိ အလျားရှည်နေအုံးမလဲ…

မှောင်အတိကျနေတဲ့တိုင်းပြည်မို့

သေမင်းရဲ့တိုက်ကွက်က အညှာလွယ်လွန်းလှတယ်……..။

လွင်ပြင်ရိုးင်း

14,05,2008

ရိုးသားမှုနှင့်သမိုင်းတွင်ခြင်း

We must shape our own destiny ဟူသော စကားတစ်ခွန်းရှိပါတယ်။ ကိုယ့်ဘ၀ ကိုယ့်ကြမ္မာကို ကိုယ်ကိုတိုင် ဖန်တီးပုံဖော်ခွင့် ရှိပါသည်။ ကောင်းတာပဲပုံဖော်ဖော်၊ ဆိုးတာပဲပုံဖော်ဖော် ရလဒ်ကား သေချာနေပြီး ဖြစ်ပါသည်။ ထိုရလဒ်သည်ပင် ကိုယ့်သမိုင်း ဖြစ်လာပါလိမ့်မယ်။ လူ့ဘ၀ဟူသည် ရေပွက်ပမာတစ်ခဏသာ ဖြစ်ပါတယ်။ တစ်ခဏသာ အချိန်လေးသည်ပင် မိမိနှင့် လောကကြီးတစ်ခုလုံး အတွက် တန်ဖိုးမဖြတ်နိုင်သောအရာများကို လုပ်ဆောင်ဖို့ လုံလောက်သောအချိန်ဖြစ် နေပါသည်။ တိုတောင်းတဲ့အချိန်လေးနဲ့ ဘ၀သမိုင်းကို အကြီးအကျယ် ရေးထိုးခဲ့သူတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၃-နှစ်သာ ရှင်သန်ခွင့်ရခဲ့ သော်လည်း သူရေးခဲ့သောသမိုင်းကား ယနေ့ထိ ရှင်သန်နေဆဲ၊ ပြိုင်ဘက်ကင်းဆဲပင် ရှိနေပါသေးတယ်။ နောင်အနာဂတ်များစွာထိ သူ့ရေးခဲ့သော သမိုင်းကား ငှါးငှါးစွင့်စွင့် ပွင်းလန်းနေဦးမည်သာ ဖြစ်ပါတယ်။

လူ့ဘ၀ဖြစ်ဖြစ်၊ တိရစ္ဆာန်ဘ၀ပဲဖြစ်ဖြစ်၊ အခြားသက်မဲ့သစ်ပင်စသည်တို့ပဲဖြစ်ဖြစ် ဘယ်အရာမဆို မွေးဖွား ခြင်း၊ ဖြစ်ပေါ်ခြင်းနှင့် သေဆုံးခြင်း၊ ပျက်စီးခြင်းတို့ဖြင့် ပိုင်းခြားကန့်သတ်ခံထားကြရသည်။ ဒီကန့်သတ်ထား သော ဘောင်နှစ်ခုကြားမှ ဘယ်အရာမှာ ရှောင်နေလို့ မရပါဘူး။

လာခြင်းကောင်းဖို့ လိုအပ်သလို၊ ပြန်ခြင်းကောင်းဖို့လဲ ကောင်းဖို့လဲ လိုအပ်ပါတယ်။သင်လာသောအခါ လူအများ ပြုံးပျော်ကြ၍ သင်ပြန်သောအခါ လူအများ ၀မ်းနည်းကြရတဲ့သူမျိုး ဖြစ်ဖို့လိုကြောင်းမြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည်။ မိတ်ဆွေတို့၊ အကျွန်ုပ်တို့ ကိုယ့်အနေအထားကို ပြန်လည်ဆန်းစစ်ကြည့် ကြစေလိုပါတယ်။

နေရာတိုင်းမှာ သစ်ရွက်လေးတွေ၊ ပန်းပွင့်လွှာလေးတွေ ကြွေကျခြောက်နွမ်းနေတာကို တွေ့ဖူးကြပါလိမ့် မယ်။ ထိုသစ်ရွက်လေး၊ ပန်းပွင့်လေးတွေဟာ ပင်စည်ကြီးမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်ပါတယ်။ အလှစိုက်ပျိုးထားသော အပင်က အပွင့်လေးများကို သတိပြုမိချင် ပြုမိနိုင်သော်လည်း တောကြီးမျက်မဲထဲမှ ပန်းပွင့်၊ သစ်ရွက်လေးများဆိုလျှင် ဘယ်သူမှ သတိပြုမိနိုင်လိမ့်မှာ မဟုတ်ပေဘူး။ ထိုသစ်ရွက်ပန်းပွင့်လေး များလို လူမသိသူမသိဖြင့် ရှင်သန်လာခဲ့ရပြီး သူမသိသူမသိဘ၀ဖြင့်ပင် သေဆုံးပျောက်ကွယ်သွားကြသူများ လောကတည်းဟူသော တောကြီးထဲမှာ အများကြီးပါပဲ။ သူတို့ မွေးဖွားလာ၍ ဘာမှ ထူးထူးခြားခြား ဖြစ်မလာသလို သေဆုံးသွား၍လည်း မည်သူမျှ ဂရုစိုက်နေစရာအကြောင်းမရှိချေ။

မိတ်ဆွေတို့၊ အကျွန်ုပ်တို့ စဉ်းစားကြည့်ကြစေချင်ပါတယ်။ လူ့လောကကြီးထဲမှာ အသက်ရှင်ခဲ့ဖူးကြောင်း ဘယ်လိုသက်သေတွေ ထားရစ်ခဲ့ကြမလဲ။ သင်တို့၊ အကျွန်ုပ်တို့ ထားခဲ့တဲ့သက်သေတွေက သင်တို့၊ အကျွန်ုတို့ရဲ့ သမိုင်းဖြစ်နေပါလိမ့်မယ်။ အကျွန်ုပ်တို့ ထားခဲ့တဲ့ သက်သေတွေကို ကြည့်ပြီး အကျွန်ုပ်တို့သမိုင်းကို အကဲဖြတ်ရစ်ကြပါလိမ့်မယ်။ ဒီနေရာမှာ ပြောချင်တာက ဘယ်လိုသက်သေတွေ ထားရစ်ခဲ့သင့်လဲ။

ကောင်းတာတွေ မွန်မြတ်တာတွေ သန့်စင်တာတွေ ထားရစ်ခဲ့မလား၊ ဆိုးတာတွေ အော့ကြောလန်စရာတွေ အော့နှလုံးနာစရာတွေ ထားရစ်ခဲ့မလား။ ဒါကတော့ ကိုယ်တိုင်စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။

ကောင်းတာဖြင့် သက်သေပြလျှင် သင့်အား လူအများက ချီးမွမ်းထောမနာပြုကြလိမ့်မယ်။ မတွေ့ဖူးသူများ က တသသနဲ့ တွေ့လိုစိတ်များ ဖြစ်ပေါ်နေပါလိမ့်မယ်။ အကယ်၍ ဤကမ္ဘာလောကကို သင်ကျောခိုင်း သွားခဲ့ရလျှင်တောင်မှ သင့်အား ၀မ်းနည်းတသ ဖြစ်နေကြလိမ့်မယ်။ သင့်အား နမူနာအဖြစ်ထားရင်း သင့်နာမည်ကို မျိုးဆက်ပေါင်းများစွာထိ သယ်ဆောင်သွားကြပါလိမ့်မယ်။ အဲဒီအတွက် ဘယ်သူကမှလဲ တားမြစ်လို့ ရလိမ့်မှာ မဟုတ်ပါဘူး။ သင့်နာမည် တိမ်ကောအောင် ဘယ်သူမှ ဖုံးဝှက်လို့ရနိုင်မှာ မဟုတ်ပါဘူး။ သင်သေသွားသော် သင်ကျဆုံးမှုအတွက် အားလုံးက ၀မ်းနည်းတသဖြစ်နေကြမှာ သေချာပါတယ်။

မကောင်းတာ၊ မရိုးသားတာဖြင့် သင် သက်သေပြခဲ့လျှင်ကော? ဒါလဲ သင့်သမိုင်းဟာ ကျန်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် လူအများဟာ သင့်အား အော့နှလုံးနာကြလိမ့်မယ်။ သင်သေသွား၍ သင့်နာမည် ကျန်ခဲ့နိုင် သော်လည်း သင့်ကဲ့သို့မဖြစ်အောင် အနာဂတ်မျိုးဆက်များကို သတိပေးတားမြစ်ဆုံးမနေကြပါလိမ့်မယ်။ သင်သေသွားသော် သင့်ကျဆုံးမှုအတွက် ၀မ်းမြောက်ဝမ်းသာမဖြစ်ရင်တောင်မှ ၀မ်းနည်းမှုမဖြစ်မှာက သေချာပါတယ်။

အဲဒီပုဂ္ဂိုလ်နှစ်မျိုးကို ဥပမာလေး ပေးလိုက်ချင်ပါတယ်။ ကျွန်တော်တို့အဆောင်မှာ လီဆောင်းဦးဆိုတဲ့ ခွေးမလေး တစ်ကောင်ရှိပါတယ်။ ခွေးလေးကို ငယ်ငယ်ကတည်းက ၀ိုင်းပြီးကျွေးကြ၊ စကြနဲ့ အားလုံးက ချစ်ကြပါတယ်။ -လလောက် ကြာသွားတော့ ခွေးလေးဟာ ဘာမှန်းမသိတဲ့ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါ တယ်။ အဆောင်အားလုံးဟာ ခွေးမလေးအတွက် ၀မ်းနည်းတသဖြစ်ခဲ့ကြရတယ်။ ခွေးမလေးဟာ အဟိတ်တိရစ္ဆာန်ဘ၀ရောက်ခဲ့ရပေမယ့် လူတိုင်းရဲ့မေတ္တာကို ရသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သူဟာ သူ့အတိုင်းအတာနဲ့သူ သမိုင်းကျန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သူလာတုန်းက ၀မ်းသာ၊ သူရှိနေတုန်းက ပျော်ရွှင်၊ သူထွက်ခွါသွားတော့ ၀မ်းနည်းကြရပါတယ်။

နောက်တစ်ယောက်ကတော့ သူလာတုန်းကလဲ အော့ကြောလန်၊ သူရှိနေတုန်းမှာလည်း စိတ်ဆင်းရဲ၊ သူထွက်ခွါသွားတော့ စောစောက လီဆောင်းဦးလေး ဆုံးသွားသလောက်တောင် လူတွေ ၀မ်းမနည်းကြပါ ဘူး။ အားလုံး ၀မ်းမြောက်ဝမ်းသာတောင် ဖြစ်ခဲ့ကြရတာ တွေ့ခဲ့ရတယ်။ အဲဒိပုဂ္ဂိုလ်ကတော့ ၀န်ကြီးချုပ် ဆိုသူ လူယုတ်မာ စိုးဝင်း ပဲ ဖြစ်ပါတယ်။ သူသေသွားတဲ့သတင်းကို ကြားရတော့ ကျွန်တော်တို့ အဆောင် မှာ သတိထားကြည့်တော့ လီဆောင်းဦးသေတုန်းကလောက် ၀မ်းမနည်းကြတာတွေ့ရတယ်။ ဒါက ဘာကို ပြနေသလဲဆိုတော့ သမိုင်းတွင်အောင် လုပ်ကြတဲ့နေရာမှာ ရိုးသားမှုရှိဖို့ လိုအပ်တယ်။ ရိုးသားမှုမရှိတဲ့ သမိုင်းဟာ ခွေးတစ်ကောင်ရဲ့ သမိုင်းလောက်တောင် မခန့်ငြားဘူးဆိုတာ ကျွန်တော်ပြောချင်တာပါပဲ။ ခွေးမလေး လီဆောင်းဦးလောက် သမိုင်းမှာ မလှပခဲ့ကြတဲ့ စိုးဝင်းလို လူမျိုး သင်ဖြစ်ချင်ပါသလား။

အလုပ်ရဲ့အတိုင်းအတာ ပမာဏမျှ သင့်သမိုင်း တင်ကျန်နိုင်ပါလိမ့်မယ့်။ အချို့က မိသားစုအတိုင်းအတာ ပမာဏမျှ၊ အချို့က တိုင်းပြည်တစ်ခုလုံးအတိုင်းအတာ၊ အချို့က ကမ္ဘာ့အတိုင်းအတာ…….နာမည်များ ချန်ထားရစ်ခဲ့ကြပါတယ်။ မိသားစုအတိုင်းအတာပမာဏမျှ လုပ်ဆောင်ခဲ့လျှင် သင့်မိသားစုက သင့်အား မျိုးဆက်တစ်ခု၊ သို့မဟုတ် နှစ်ခုစသည်တိုင်အောင် အမှတ်တရရှိနေလိမ့်မယ်။ တိုင်းပြည်တစ်ခုလုံးအတွက် သင်လုပ်ဆောင်လျှင်ကား တစ်တိုင်းပြည်လုံးက သင့်အား အမှတ်ရနေလိမ့်မယ်။ ကမ္ဘာ့အတိုင်းအတာထိ ကျယ်ပြန့်အောင် စွမ်းဆောင်ခဲ့လျှင်ကား ကမ္ဘာ့သမိုင်းမှာ သင့်အမည် ထည့်သွင်းခံထားရလိမ့်မယ်။ သင့်နာမည်သည် သင်ထားခဲ့သော အခြေအနေများအတိုင်း ကောင်းရင်ကောင်းသလို၊ ဆိုးရင်ဆိုးသလို နှစ်ပေါင်းများစွာ တည်ရှိနေလိမ့်မယ်။ ဒါဟာ သမိုင်းရဲ့ နိယာမတရားတစ်ခုဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ နေ၀င်း၊ စောမောင်၊ သန်းရွှေ၊ သခင်ကိုယ်တော်မှိုင်း၊ သိန်းဖေမြင့်၊ သခင်သန်းထွန်း၊ သခင်စိုး၊ ……..မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ ကျန်ခဲ့တဲ့နာမည်တွေ အများကြီးပါပဲ။ ဒါပေမယ့် နာမည်တွေ ကျန်ခဲ့ပုံချင်းကတော့ အများကြီး ကွာခြားလှပါတယ်။ အချို့နာမည်များသည် အော့နှလုံးနာစရာများ၊ နာကျည်းစရာများ၊ အရှက်ရစရာအဖြစ်များရဲ့ သင်္ကေတဖြစ်ပြီး အချို့နာမည်များကတော့ ဂုဏ်ယူစရာ၊ ၀င့်ကြွားစရာ၊ အားကျစရာများရဲ့ သင်္ကေတဖြစ်နေပါတယ်။

နေ၀င်းလိုပဲ နောင်အနာဂတ်သမိုင်းမှာ ထင်ကျန်ရစ်မယ့်သူတွေ အများကြီးပါပဲ။ ဒါပေမယ့် သူတို့ရဲ့ သမိုင်းစာမျက်နှာများကို လှန်ကြည့်မိလျှင် မြန်မာနိုင်ငံသားတိုင်း အရှက်ရစရာ ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တိုင်းပြည်အတွက် ရိုးသားစွာ အလုပ်မလုပ်ကြလို့ပဲ ဖြစ်ပါတယ်။ တိုင်း ပြည်ကို လိမ်တယ်။ ညာတယ်။ ဖြီးတယ်။ ကွေ့တယ်။ ကောက်တယ်။ ညစ်ပတ်တယ်။ ယုတ်မာတယ်။ နောင်အနာဂတ်မျိုးဆက်ဟာ နေ၀င်းနဲ့ အပေါင်းအပါတွေရဲ့ မျက်နှာကို ကြည့်ရတာထက် ခွေးသေကောင် ပုပ်ကို ကြည့်ရတာဟာ ကံကောင်းတယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါဟာ သူတို့ရေးခဲ့တဲ့၊ သူတို့ရေးနေတဲ့ သူတို့ရဲ့သမိုင်းပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အသံကြားလျှင် ကြက်သီမွေးညှင်းထရတယ်။ အားကျမိတယ်။ လွမ်းဆွတ်မိတယ်။ တမ်းတမိတယ်။ မျက်ရည်ဝဲမိတယ်။ ကြည်ညိုမိတယ်။ ဗိုလ်ချုပ်ပုံရိပ်တွေကြည့်ရတာ ကုသိုလ်တွေ တိုးပွားရတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ဆိုတာ ရိုးသားမှုရဲ့ပုံရိပ်ဖြစ်နေလို့ပါပဲ။ ရိုးသားမှုနဲ့သမိုင်းကို ရေးခဲ့ကြ သူတိုင်းဟာ ဒီလိုပါပဲ သူတို့သမိုင်းစာမျက်နှာများဟာ လှပကျက်သရေရှိနေပါလိမ့်မယ်။

မိတ်ဆွေတို့ ဘယ်လိုသဘောရလဲ? ဘယ်လို သမိုင်းများ ရေးခဲ့ကြမလဲ။ ဗိုလ်ချုပ်လောက် ကြီးကျယ်အောင် မရေးနိုင်လျှင်တောင်မှ နေ၀င်းတို့လို သမိုင်းမျိုး မရေးဖြစ်ဖို့ အရေးကြီးသည်ဟု ယူဆပါတယ်။